Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းအချင်းချင်းမတိုက်လို၍ ရှေ့တန်းသွားရန်ငြင်းဆန်သူ ၁၂ ဦးကို စစ်​ကောင်စီကသတ်ဖြတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများအား PNFC ရှုံ့ချ

အောင်ဆုဗွေစခန်း၌ ဆေးဖြတ်နေသူ များအား စစ်ကောင်စီက သတ်ဖြတ်မှုကို ကြားသိရပြီး ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊အသတ်ခံရသူမှာ ၁၂ ဦးမကဘဲ ၁၂၀ ဦးရှိ​ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

(PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို စစ်​ကောင်စီတပ်က ​ဖေ​ဖော်ဝါရီ လဆန်းတွင်လက်နက်တပ်ဆင်​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို စစ်​ကောင်စီတပ်က ​ဖေ​ဖော်ဝါရီ လဆန်းတွင်လက်နက်တပ်ဆင်​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎အသတ်ခံရသူမှာ၁၂ ဦးမကဘဲ ၁၂၀ ဦးအထိရှိ​ကြောင်း PNLA ​​ပြောရေးဆိုခွင့်ရှိသူ​ပြော

ပအိုဝ်း အချင်းချင်း မတိုက်ချင်ဟု ပြောဆိုပြီး ရှေ့တန်းတိုက်ပွဲသွားရန် ငြင်းဆန်သူ ၁၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ(PNFC)က ထုတ်ပြန်လိုက်ပြီး ယင်းဖြစ်စဉ်အပါအဝင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ကြေညာခဲ့သည်။

PNFC၏ ပထမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဖေဖော်ဝါရီ ၇ရက်မှ ၁၁ရက်နေ့အထိ လွတ်မြောက်နယ်မြေတစ်နေရာ၌ကျင်းပခဲ့ရာ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် စစ်ကောင်စီက လတ်တလောကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို မီးမောင်းထိုး ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၄ရက် တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားဌာနေ ပြည်သူ့စစ် ပြန်လည်ထူထောင်ရေးတပ်စခန်း လူငယ်ထိန်းသိမ်းရေးနှင့် အကျင့်စာရိတ္တပြုပြင်ရေးအဖွဲ့ဟု အမည်တပ်ထားသော အောင်ဆုဗွေ PNA စခန်းမှ ဆေးဖြတ်သူ ၁၂ဦးကို ရှေ့တန်းတိုက်ပွဲသွားရန် ငြင်းဆန်ခြင်း နှင့် ပအိုဝ်းအချင်းချင်း မတိုက်ချင်ဘူး ဟု ပြောကြားခဲ့ခြင်းတို့ကြောင့် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အောင်ဆုဗွေစခန်း၌ ဆေးဖြတ်နေသူ များအား စစ်ကောင်စီက သတ်ဖြတ်မှုကို ကြားသိရပြီး ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊အသတ်ခံရသူမှာ ၁၂ ဦးမကဘဲ ၁၂၀ ဦးရှိ​ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

“အဲဒီ ပစ်သတ်တဲ့ဟာက ၁၂ယောက်မဟုတ်ဘူး။ ကျနော်တို့စုံစမ်းသိရှိမှုအရ ၁၂၀ ဖြစ်တယ်။ပထမကတော့ ကျနော်တို့က ရာချီလို့ပဲကြားတာ။ ဒေသခံတွေ ပြောတာက ကက္ကူမှာ သွားမြှုပ်မလို့ ဒေသခံတွေက လက်မခံလို့ အဲဒီ ကက္ကူတောင်ဘက် လွယ်ဆောင်သင်္ချိုင်းမှာ သွားမြှုပ်တာပေါ့။ ဒေသခံတွေက မြှုပ်ထားတဲ့နေရာကို သူတို့သွားကြည့်တဲ့အခါ ၁၀၀ကျော်ရှိတယ် အဲဒီလိုမျိုး ပြောတာပေါ့။ အဲဒါနဲ့ ပြည်သူ့စစ်ဘက်မှာ ရှိနေတဲ့ ဖရဲသီးကို ကျနော်တို့ လှမ်းအတည်ပြုချက်ယူတဲ့အခါကျတော့ ဖရဲသီးက ပြောပြတာက ဟုတ်တယ်တဲ့ စုစုပေါင်း အတိအကျ ၁၂၀ အဲဒီလိုပြောလာတာရှိတယ်” ဟု ပအိုဝ်းဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဖြစ်စဥ်ကို​ဒေသတွင်းသတင်းဌာနဖြစ်​သော Pa-O LOYWEL သတင်းဌာနကလည်း​ဖော်ပြရာဖေဖော်ဝါရီလ ၄ ရက်တွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ အနောက်ဘက် အောင်ဆုဗွေစခန်းအတွင်း၌ PNO ပြည်သူ့စစ်စု​ဆောင်းခံရသူများထဲမှ ၁၂၀ ဦးက ပအိုဝ်းအချင်းချင်းမတိုက်လို၍PNLA ကို သွားရောက်တိုက်ခိုက်ရန် ငြင်းဆန်သူများကိုစစ်ကောင်စီတပ်က ပစ်သတ်ပြီး ညတွင်းချင်း သယ်ဆောင်၍ ကက္ကူတောင်ဘက် လွယ်သောဝ်ကျေးရွာအနီးရှိ သင်္ချိုင်း၌ မြှုပ်နှံခဲ့သည်ဟု ဖော်ပြထားသည်။

“ ပထမဆုံးသိရတာက သူတို့က စစ်သားတွေမဟုတ်ဘူး။ အဲဒီမှာ ဆေးဖြတ်ပေးတယ်ဆိုလို့ မူးယစ် ဆေး ဝါး ဆေးစွဲတဲ့သူတွေဖြစ်တယ် အဲဒီမှာ ကုသပေးတယ်ဆိုလို့ သူတို့က ဆေးလာဖြတ်ကြတာ။ ဆေးလာဖြတ်တဲ့သူဆိုတာ သာမန်အခြေအနေမှာတောင် အကူအညီများစွာ လိုအပ်နေတဲ့သူ တွေဖြစ်တယ်။ အခုက ဆေးလာဖြတ်တဲ့သူတွေကို အတင်းအဓမ္မ ရှေ့တန်းတက်ခိုင်းတယ်။ စစ်သွားတိုက်ခိုင်းတယ်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်မှုလည်းဖြစ်တယ်။ နောက်တစ်ခုက စစ်ရာဇဝတ်မှု ကျူးလွန်တာလည်းဖြစ်တယ်။ ဒါက အင်မတန်မှ ရက်စက်ကြမ်းကြုတ်ပြီး ယုတ်ညံ့တဲ့အလုပ်လည်းဖြစ်တယ်။ အဲဒီလိုလူတွေကို ရှေ့တန်းမသွားလို့ ပစ်သတ်တယ်ဆိုတဲ့ဟာ အပေါ်မှာပေါ့” ဟု ခွန်ရိန်းယံက ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီ ၇ရက်မှစ၍ ပအိုဝ်း အမျိုးသားဒေသ တစ်ခုဖြစ်သော ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသသို့ တိုက်လေယာဉ်များ အမြောက်များ၊ တင့်ကားများ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အင်ကြင်းသာရွာမှ ပြည်သူ ၂၀ ကျော်၊ နောင်ကုလားရပ်ကွက်မှ ပြည်သူ ၉ဦး၊ ကြုံပါရွာမှ ညီအမ ၃ဦး အပါအဝင် ဇရပ်ကြီးဒေသ တစ်ခုလုံံးရှိ ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း PNFCက အသိပေးသည်။ ထို့ပြင် ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်း၊ လူနေအိမ်များ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်း ဒေါဆီအီရွာရှိ စာသင်ကျောင်းကို တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်ခဲ့၍ ကျောင်းသားငယ်များစွာ သေဆုံးထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ရပ်၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် စစ်ကောင်စီ လက်အောက်ခံများက YDF တပ်ဖွဲ့ဝင် ၂ဦးကို ရက်စက်စွာ နှိပ်စက်ညှင်းပန်း ပြီး အရှင်လတ်လတ် လူမဆန်စွာ မီးရှို့ သတ်ဖြတ်မှု တို့ကိုလည်း PNFCက ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဖော်ပြသည်။

ပြည်သူ့ရန်သူဖြစ်သော စစ်ကောင်စီက လူထုဆန္ဒနှင့် ဆန့်ကျင်ပြီး တရားဝင်မှုမရှိသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းကာ တိုင်းပြည်၏ အနာဂတ်လူငယ်များအား အတင်းအဓ္ဓမ စစ်သားစုဆောင်း၍ လူသားဒိုင်းများ၊ လူသားတံတိုင်းများအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးသည်နှင့် တပြိုင်နက် လူငယ်များအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ လုပ်ဆောင်ခြင်းတို့ကိုလည်း ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

PNFCအနေဖြင့်လည်းဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အဓိက အဟန့်အတားဖြစ်နေသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ဖယ်ရှားရေးကို ဘ၀တူညီနောင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ နွေဦးတော်လှန်ရေးအောင်မြင် ပြီးပြည့်စုံသည်အထိ ပူးပေါင်းဆင်နွှဲသွားရန် မျက်နှာစုံညီ အစည်းအဝေးက သံန္နိဌာန် ပြုခဲ့သည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။

▪︎မှတ်ချက် -သတင်းကို ​ဖော်​ဖော်ဝါရီ ၁၃ ​နေ့ခင်း ၁၁ နာရီ ၅၂ မိနစ်တွင်ထပ်မံရရှိ​သော အချက်အလက်များဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။