ဒဏ်ရာရရှိသူများတွင် စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်း ပါနိုင်ဟုဆို
ရဟတ်ယာဉ်နှစ်စီးလည်း ပျက်စီးဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲပြော
မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ)အတွင်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်ဗိုလ်ချုပ်လေးဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ကျော်ရှိကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်များ အထူးအစည်းအဝေးလုပ်နေစဥ် ရှာထူးဝေါ်တပ်ဖွဲ့ဝင်များက ဒုတိယအကြိမ်မြောက် ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်မှုမှာ ဒဏ်ရာရစာရင်းတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေတို့ ပါဝင်နေနိုင်ကြောင်းသိရပြီး ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် အကြီးပိုင်း ၆ဦး ပြင်းထန်ဒဏ်ရာရပြီး ၎င်းတို့ထဲမှ သုံးဦး ယနေ့ည သေဆုံးသွားခဲ့ပြီလို့လည်း သတင်းရင်းမြစ်များထံမှ သိရသည် “ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ဆိုသည်။
ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲမှ ကာမီကာဇေ Fixed Wing Drone များဖြင့် ရတခအတွင်း၌ စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းနှင့်အဖွဲ့ အထူးအစည်းအဝေးလုပ်ဆောင်သည့် နေရာကို ယနေ့နေ့လယ်တွင် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“စိုးဝင်းကားနဲ့ အနောက်က လူနာတင်ယာဉ်တစ်စီး ပညာရေးတပ်နားက ကုတင်သုံးရာရောက်နေတယ်။ ကွန်မန်ဒိုတွေလဲ ဆေးရုံမှာ အစောင့်ချထားတယ်။ အကောင်ကြီးကြီးတွေအများကြီး ထိထားဟန်တူတယ်”ဟု ပတ်ဝန်းကျင်သတင်းရင်းမြစ်များထံမှ သိရကြောင်း ၎င်းက ဆိုသည်။
“နောက်ဆုံးရသတင်းက ရတခ ထဲရပ်ထားတဲ့ရဟတ်ယာဥ် ၂စင်းလုံး ထိမှန်မှုရှိခဲ့တယ်လို့ သိရတယ်။ ဘားအံ တပ်မ၂၂တွင် ရုံးထိုင်ကွပ်ကဲနေသူ ကစထမှူး ညွန့်ဝင်းဆွေရဲ့ ရဟတ်ယာဥ် အခုထိ ဘားအံပြန်မရောက်လာသေးဘူး။ လူလည်း ပြန်ရောက်မလာကြောင်း ထူးခြားသတင်းရတယ်”ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါထိခိုက်မှုများနှင့်ပတ်သက်၍ လူထုနွေဦး အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
” သတင်းရင်းမြစ်၏ပြောကြားချက်အရ နေပြည်တော်နှင့် ဒုချုပ်စိုးဝင်းရယ် ကစထမှူး ညွန့်ဝင်းဆွေရယ် သူတို့ ၂ဦးနှင့် အဆက်အသွယ်ပြတ်တောက်နေ၍ ဗြောင်းဆန်နေကြကြောင်း ထူးခြားဖြစ်စဉ် အဖြစ်သိရှိရပါသည်။” ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ဆိုသည်။
ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲသည် ယမန်နေ့ ဧပြီ ၈ ရက်ကလည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသည် ရတခတွင်ရောက်ရှိကာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
