စစ်ကောင်စီတပ်သားအများအပြား သေဆုံးဟု မြဝတီမြို့ခံပြော
မြဝတီမြို့ အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ညက စ၍ တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ တစ်ညလုံးတိုက်ပွဲပြင်းထန်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်။
ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် အမှတ်(၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်၌ ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်က Drop Bomb ချစတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“တော်လှန်ရေးအဖွဲ့တွေဝင်ချနေတာ။ တညလုံးတိုက်ပွဲပြင်းထန်နေတယ်။ စကစတွေ အတော်လေး အသေအပျောက်ရှိတယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
ယနေ့ (ဧပြီ ၂၀ရက်)နံနက်အထိ လက်နက်ကြီးပေါက်ကွဲသံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ အတိုင်းသားကြားနေရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုအရေအတွက်နှင့်ပတ်သက်၍ People’s Spring က သီးခြားအတည်ပြုချက်မရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မြဝတီမြို့စစ်ရေးအခြေအနေကို ထိုင်းလုံခြုံရေးတာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်နေပြီး အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားဘက်ခြမ်းကိုလည်း CCTV မှတ်တမ်းရယူကာ အချိန်ပြည့် ကြည့်ရှုနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မြ၀တီ အခြေအနေက တံတားထိပ်နားမှာတော့ သူများ ဝင်ကျုံး(ဝင်တိုက်)ပြီ။ အခြေအနေတော့ မသိရသေးဘူးနော်။ မနေ့ကတော့ ဒရုန်းနဲ့ သွားချတာ။ ဒီမနက်တော့ ဝင်ချပြီ။ သူများ သူ့ကို ထွက်ခိုင်းတာ မထွက်တော့ သူ့ကိုရက်အကန့်အသတ် ပေးထားတာပဲ။ ပေးထားတဲ့အတိုင်း ရက်ပြည့်တဲ့အခါ လုပ်စရာရှိတာ လုပ်တာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောပြသည်။
တံတား အနီး စစ်ကောင်စီအင်အားက ၁၅၀ ဝန်းကျင်ရှိမည်ဟု သိရကြောင်း ၎င်းကဆိုသည်။
“ သူတို့ ကူမယ့်အဖွဲ့ဘယ်ရှိမလဲ။ ကူမယ့်အဖွဲ့မလာနိုင်ဘူး။ သူတို့ လက်နက်ချရင်ချ မချရင်တော့ အသေခံရမှာပေါ့။ထိုင်းဘက်က သူတို့ တပ်က သူတို့ချထားတယ်။ တကယ်လို့ ဝင်လာရင်တော့ အရပ်ဝတ်နဲ့ပဲ လာရမယ်ပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း အမှတ်(၂)ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်သို့ထွက်ပြေး ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ကဒရုန်းဖြင့် Drop Bomb များ ချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။
ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်ပြေးလာပြီး ခိုလှုံနေခြင်းဖြစ်သည်။ ထိုစစ်သားများမှာ ထိုင်းနိုင်ငံသို့လည်း ဝင်ရောက်ခွင့်မတောင်းဘဲ နောက်မှ စစ်ကူလာမည်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ တော်လှန်ရေးအဖွဲ့များက ၁၀ ရက်အချိန်ပေးပြီးနောက် ဧပြီ ၁၉ ရက်ညမှ စ၍ ဒရုန်းဖြင့်စတိုက်ပြီး ထိုနောက် တစ်ညလုံးတိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုစစ်သားများစောင့်နေသော စစ်ကူစစ်ကြောင်းမှာလည်း တော်လှန်ရေးအဖွဲ့များကြားဖြတ်တိုက်ခိုက်မှုကြောင့် ဒေါနတောင် ခြေမှာပင်ရှေ့မတိုးနိုင်ဖြစ်နေသည်။
