Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့တွင် စစ်မှုထမ်းရန်ဖမ်းဆီးခံရသူများအနက် ၁၁ဦး ထွက်ပြေးလွတ်မြောက်လာ

ဖမ်း​ဆီးခံထားရသူများတွင် အသက်ငယ်ရွယ်သူများအပြင် အသက် (၄၀)ကျော်နှင့် အိမ်ထောင်သည်အမျိုးသားများပါ ဖမ်းဆီးခံထားရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၁)အတွက် ရွေးချယ်ခံထားရသူများအား ၂၀၂၄ မတ်လ ၂၉ရက်နေ့ကတွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၁)အတွက် ရွေးချယ်ခံထားရသူများအား ၂၀၂၄ မတ်လ ၂၉ရက်နေ့ကတွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူများအနက် ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ရေဦးမြို့ အထက (၁)ကျောင်းအတွင်း၌ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အမျိုးသားများအနက် ပြီးခဲ့သည့် မေလ ၉ ရက်နှင့် ၁၀ရက်က ၁၁ ဦးထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြောက်ပိုင်းနယ်မြေခံ ပကဖတာဝန်ခံ ကိုစိုးကြီးက ပြောသည်။

” သုံးယောက်ကအရင် ထွက်ပြေးတယ်။ နောက်ရက်မှာ ရှစ်ယောက်လိုက်လာတယ်။ အတွင်းထဲမှာတော့ တအားကြီးစည်းကမ်းတင်းကျပ်ထားတဲ့ပုံစံမျိုးတော့ မရှိဘူးပြောတယ်။ ဘောလုံးကန်ချင်ကန်၊ ခြင်းခတ်ချင်ခတ်ခိုင်းတယ် ပြောတယ်။ အပြင်မှာတော့ ကင်းတွေချထားတာပေါ့။လွတ်တဲ့အချိန် ဟတဲ့အချိန်ကို ပြေးပြီးထွက်ခဲ့လိုက်တာ”ဟု ကိုစိုးကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးလာသူများမှာ အသက်(၂၀)ကျော်အရွယ်များဖြစ်ပြီး ရေဦးမြို့ပေါ်နှင့် ကျေးရွာများမှဖြစ်ကြောင်း၊ နေအိမ်ပြန်နေရန်အခက်အခဲရှိ၍ နေခွင့်ပေးထားကြောင်း ရေဦးမြောက်ပိုင်းနယ်မြေခံ ပကဖတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီနှင့်မေလအတွင်း ရေဦးမြို့ပေါ်မှ အမျိုးသား ၈၀ကျော်အား စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သည်။ စစ်မှုထမ်းစာရင်းပါထားသူများနှင့် စာရင်းမပါသူများကိုပါ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မေလ ၉ ရက်က ရေဦးမြို့ ဟိန်းဆီဆိုင်ဂိတ်အနီးတွင် ပြည်သူ ရှစ်ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၉၀ကျော်အထိရှိနေပြီဖြစ်ကြောင်း ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ယခုတွင် ၁၁ ဦး ထွက်ပြေးလွတ်မြောက်လာ၍ ၈၀ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

ဖမ်း​ဆီးခံထားရသူများတွင် အသက်ငယ်ရွယ်သူများအပြင် အသက် (၄၀)ကျော်နှင့် အိမ်ထောင်သည်အမျိုးသားများပါ ဖမ်းဆီးခံထားရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထိုသို့ဖမ်းဆီးမှုများကြောင့် ရေဦးမြို့ပေါ်နှင့် ကျေးရွာများရှိ အမျိုးသားများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မတ်လအတွင်းက စစ်မှုထမ်း ပထမအသုတ်အား ရွေးချယ်၍ စစ်သင်တန်းစပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အတွက် လူစုဆောင်းနေသည်။

စစ်မှုထမ်းကိစ္စ ရှောင်ရှားလို၍ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ကိုင်သူများပြားလာခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်က မေလ ၁ ရက်မှစပြီး အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကိုပါ ယာယီရပ်ဆိုင်းလိုက်သည်။

လက်ရှိတွင် ရေဦးမြို့အပြင် စစ်ကိုင်းမြို့နှင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်တို့တွင်လည်း ပြည်သူ ၂၀ထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။