Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ လှည့်စားလိမ်လည်မှုများကို သတိချပ်ရန် နိုင်ငံတကာအသိုင်းအဝန်းအား မြန်မာသံအမတ်ကြီးတိုက်တွန်း

လုံခြုံရေးကောင်စီအနေဖြင့်လည်း အဆိုပါအသက်ဆုံးရှုံးမှုများနှင့် မြန်မာအရပ်သားပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိသည်မှာ ရှင်းလင်းမြင်သာကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

(ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)
(ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)

▪️ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပစ်သတ်ခံရမှုကို ကုလညီလာခံ၌ အသေးစိတ်ရှင်းလင်း

▪️မြန်မာနိုင်ငံအရေးကိစ္စအတွက် လုံခြုံရေးကောင်စီ၏ အနိမ့်ဆုံးအားထုတ်မှုအပေါ် စိတ်ပျက်မိဟုဆို

ထားအိ/People’s Spring

အာဏာသိမ်းစစ်တပ်၏ လှည့်စားလုပ်ဆောင်ချက်များကို သတိချပ်ရန် နိုင်ငံတကာအသိုင်းအဝန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံခြားအခြေစိုက် မြန်မာသံရုံးများနှင့် ၎င်းတို့၏ သတင်း ရုပ်သံများမှတဆင့် သတင်းအမှားများ၊ ဖန်တီးလုပ်ကြံထားသော အချက်အလက်များကိုဖြန့်ဝေကာ နိုင်ငံတကာအသိုက်အဝန်းအား အထင်အမြင်လွဲမှားစေရန် လှည့်စားလုပ်ဆောင်နေကြောင်း ယမန်နေ့(ဇွန်လ ၂၅ရက်)တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး၌ မြန်မာသံအမတ်ကြီးက ပြောကြားသည်။

နိုင်ငံအချို့အနေဖြင့် စစ်တပ်၏ မှန်ကန်မှုမရှိသော သတင်းအချက်အလက်များကို နားယောင်နေသည်မှာ အလွန်အကျည်းတန်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

(ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)
(ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ – မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)

စစ်တပ်က ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ် မကြာခဏ မဟုတ်မမှန်စွပ်စွဲ အမည်ဖျက်ပြောကြားမှု များစွာအနက်မှ ဇွန်လ ၁၉ ရက်တွင်ဖြစ်ပွားခဲ့သော ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပစ်သတ်ခံရမှုကို ကုလသမဂ္ဂညီလာခံသို့ အသေးစိတ်ရှင်းလင်းအစီရင်ခံသည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပစ်သတ်ခံရမှုဖြစ်စဥ်တွင် စစ်တပ်က ကနဦးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သည်ဟု သတင်းအမှားဝါဒဖြန့်ခဲ့သော်လည်း မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်၏ ရှင်းလင်းမိန့်ကြားမှုအပြီးတွင် အဆိုပါပစ်ခတ်မှုကို ၎င်းတို့၏တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

စစ်တပ်အနေဖြင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ပြည်သူများနှင့် အခြားသူများကိုသာ ပြစ်တင်ပုံချရန် ကြိုးပမ်းခြင်းမှာ ယခုဖြစ်စဉ် တစ်ခုသာမကဘဲ အလားတူ ဖြစ်စဉ် မြောက်များစွာရှိကြောင်း ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြီးတိုင် ချုပ်ငြိမ်းစေရန်၊ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နစ်နာရသူများအတွက် တရားမျှတမှု ပြန်လည် ဖော်ဆောင်ရန်နှင့် စစ်တပ်အား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းသင့်ကြောင်း မြန်မာသံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိသလောက်နည်းပါးသည့် အခြေအနေမှာ အလွန်အင်မတန်မျှ စိတ်ပျက်ဖွယ်ကောင်းကြောင်း သံအမတ်ကြီးက ပြောသည်။

ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ရှိ သော်လည်း ၂၀၂၃ ခုနှစ် တလျှောက်လုံးတွင် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် အနိမ့်ဆုံးအားထုတ်မှုအပေါ် စိတ်ပျက်မိကြောင်း ဆက်ပြောသည်။

ထိုသို့ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိခြင်း၏ ရိုက်ခတ်မှုသည် မြန်မာပြည်သူများအဖို့ အလွန်ကြီးမားမှုရှိပြီး ပြည်သူများသည် ယင်းပျက်ကွက်မှု၏ ဆိုးရွားသော အကျိုးဆက်များဖြစ်သည့် ပိုမိုအသက်ဆုံးရှုံးခြင်း၊ ပိုမိုကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၊ ပိုမို နေရပ်စွန့်ခွာမှု များပြားလာခြင်း၊ ဒုက္ခပိုမိုကြီးထွားလာခြင်း၊ မျှော်လင့်ချက်များ ပိုမိုမဲ့လာခြင်း အစရှိသော ဒဏ်အမျိုးမျိုးကို ခါးစည်းခံနေရကြောင်း သံအမတ်ကြီးက အထက်ပါညီလာခံသို့ ပြောသည်။

လုံခြုံရေးကောင်စီအနေဖြင့်လည်း အဆိုပါအသက်ဆုံးရှုံးမှုများနှင့် မြန်မာအရပ်သားပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိသည်မှာ ရှင်းလင်းမြင်သာကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းထံမှ စုပေါင်းအရေးယူဆောင်ရွက်မှုကို ထပ်တူ ထပ်မျှ လိုအပ်ပြီး မြန်မာနိုင်ငံရှိ အပြစ်မဲ့ပြည်သူများ၏ အသက်ကို ကယ်တင် နိုင်ရန် စစ်တပ်ထံသို့ လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီစီးဆင်းမှု၊ ငွေကြောင်းစီးဆင်းမှုတို့အား ဖြတ်တောက်ရေးကို လုပ်ဆောင်မည့် မဟာဗျူဟာအားလုံး၏ ဗဟိုအချက်အချာနေရာ၌ ထားရှိရမည်ဟု သံအမတ်ကြီးက တိုက်တွန်းသည်။

သံအမတ်ကြီးသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော ပကတိအခြေအနေတို့ကို လေးလံသောစိတ်ဖြင့် ထုတ်ဖော်ပြောကြားနေရလင့်ကစား ၎င်းကိုယ်တိုင်နှင့် မြန်မာပြည်သူများအနေဖြင့် တော်လှန်ရေးအပေါ် မျှော်လင့်ချက် ဆုံးရှုံးခြင်းအတိ မရှိဘဲ မြန်မာနိုင်ငံတွင် စစ်အာရှင်စနစ် ကျရှုံးစေရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် ခိုင်မာပြတ်သားသည့်စိတ်ရှိပြီးဖြစ် ကြောင်း ကုလညီလာခံသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။