- အထပ်မြင့်တိုက်များ၌ ကင်းပုန်းဝပ်နိုင်သည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းသတိပေး
- အာဇာနည်နေ့လှုပ်ရှားမှုများ ပြုလုပ်ကြရန် တော်လှန်အင်အားစုများ တိုက်တွန်း
စစ်မျက်နှာစာတိုင်းတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီက ရန်ကုန်မြို့၌ ပြုလုပ်မည့် (၇၇)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးကို ယခင်နှစ်များထက် တိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။
“အာဇာနည်ကုန်းဘက်ကို အရင်နှစ်တွေက ၁၈ ရက်နေ့လယ်မှ ပိတ်တာ။ ဒီနှစ်တော့ ဒီည(ဇူလိုင် ၁၇) ၈နာရီကတည်းက ဖြတ်သန်းခွင့်မပေးတော့တာ”ဟု ရွှေဂုံတိုင်မြို့နယ်၌ အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement
ထို့ပြင် ယခင်နှစ်များက အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးကို ပြုလုပ်မည့် ရက်နီးကပ်မှသာ လုံခြုံရေးများ တွေ့မြင်ရလေ့ရှိသော်လည်း ယခုနှစ်တွင် ဇူလိုင်လဆန်းကတည်းက လုံခြုံရေးပိုင်းကို ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ပြည်သူများ သွားရောက်လည်ပတ် လေ့ရှိရာ ယင်းနေရာဝန်းကျင်ရှိ လမ်းထိပ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်နေသည်ကိုတွေ့ရသည်ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
“အရင်ကဆို ထိုင်ခုံလေးတွေနဲ့ နှစ်ယောက် သုံးယောက်လောက် တွေ့ရတာ ။ ဒီနှစ်တော့ အမိုးတွေ ဘာတွေနဲ့ကိုစောင့်ကြတာ။အင်အားလည်းတော်တော်များတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် အာဇာနည်ကုန်းပတ်ဝန်းကျင်၌ ဂျန်ပါအများအပြားထောင်ထားသည်ကို တွေ့မြင်ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီ၏ စစ်သားများနှင့် ရဲလုံခြုံရေးများသည် ကိုက် ၂၀၀ဝန်းကျင်တွင် တစ်ဖွဲ့ စောင့်နေသည်ကိုတွေ့မြင်ရပြီး ကင်းပုန်းများလည်းရှိနေသည်။
“မြောက်ဘက်စောင်းတန်းဆို ရဲရော စစ်သားရော ခြောက်ဆယ် လောက်ရှိတယ်။ ဂျန်ပါပတ်ပတ် လည်ပဲ လိုင်းတောင်မရဘူး”ဟု ၎င်းကပြောသည်။
စမ်းချောင်းမြို့နယ် အတွင်း၌ ယခုရက်ပိုင်းအတွက် ဧည့်စာရင်းကို အကြောင်းပြကာ အထပ်မြင့်တိုက်များပေါ်၌ စစ်ဆေးမှုများပြုလုပ်နေသည်ဟု စမ်းချောင်းပင်မသပိတ် စစ်ကြောင်းက ဇူလိုင် ၁၇ရက် ညနေတွင် သတိပေးချက် ထုတ်ပြန်ထားသည်။
“ဒီရက်ပိုင်း အကြမ်းဖက်စစ်တပ်က အထပ်မြင့်တိုက်များကို ဧည့်စာရင်းစစ်ခြင်းနှင့် တိုက်ခေါင်မိုးပေါ်များကို စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။ နောက်ဆက်တွဲ သိရသည်မှာ ၎င်းတို့သည် အာဇာနည်နေ့တွင် ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မည်ကို ကြောက်၍ အထပ်မြင့်တိုက်ခေါင်မိုးများပေါ်တွင် ကင်းပုန်းဝတ် လုံခြုံရေးယူမည်ဟုသိရသည်”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အသိပေးထားသည်။
အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီ အရာရှိများ လာရောက်နိုင်သောကြောင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး အာဇာနည်ကုန်း ၊ တပ်မတော်ပန်းခြံတို့နှင့် နီးသည့်နေရာများရှိ အထပ်မြင့်တိုက်များ၌ ကင်းပုန်းဝပ်နိုင်ကြောင်း ယင်းအဖွဲ့က သတိပေးထားသည်။
“ဇူလိုင် ၁၈/၁၉ ရက်များတွင် စမ်းချောင်းမြို့နယ်၌ စစ်*ခွေးများမှ လမ်းပိတ်ခြင်းနှင့် လမ်းမပေါ်တွင် ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်လာနိုင်သောကြောင့် သတိထားသွားလာကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်သူများအနေဖြင့် အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုမည့် အာဇာနည်နေ့ လှုပ်ရှားမှုများကို မမေ့မလျော့ ပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ခဲ့သည်။
ပြည်သူများအနေဖြင့် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ကား (သို့)ဆိုင်ကယ်ဟွန်းတီးခြင်း၊ မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြခြင်း၊ အခြေအနေပေးသည့် ပြည်သူများက နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝပြုကြခြင်းတို့ လုပ်ဆောင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းသည်။
“ဗိုလ်ချုပ်တို့ကဲ့သို့ တိုင်းပြည်နဲ့လူထုအတွက် မိမိအသက်ကို ပေးဆပ်သွားကြတဲ့ အခြားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလည်း မြန်မာပြည်မှာ ရှိပါတယ်။ အာဇာနည်စိတ်ဓာတ်၊ အာဇာနည်သွေးလို့ ပြောရင် တိုင်းပြည်နဲ့ လူထုအတွက် ရဲရင့်ပြောင်မြောက်စွာ အကျိုးပြုခြင်း၊ စွန့်လွတ်စွန့်စားခြင်း၊ မတရားမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အသက်နဲ့ ခန္ဓာကိုပင် ပေးဆပ်ခြင်း အစရှိတဲ့ အဓိပ္ပာယ်များကို တန်းပြီး နားလည်မြင်ယောင်ကြမှာ ဖြစ်ပါတယ်။ မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေကလည်း အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးကြရမယ့် အချိန်ဖြစ်ပါတယ်။ တလှိုင်းပြီး တလှိုင်း တက်လာတဲ့ စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလည်း အစွမ်းကုန် အရှိန်တိုးမြှင့် ဖော်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ပါပဲ”ဟု လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း တိုက်တွန်းပြောကြားသည်။
ပြည်သူအားလုံးပါဝင်သည့် လူထုတိုက်ပွဲ၊ လူထုအထွေထွေအုံကြွမှုများဖြင့်သာ စစ်အာဏာရှင် ဆန့်ကျင်ရေး အဆုံးသတ်ပန်းတိုင်ကို ရောက်ရှိပုံဖော်နိုင်မည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။
“အာဇာနည်နေ့ လှုပ်ရှားမှုတွေကို အရင်ကလည်း လုပ်နေကြပေမယ့် နောက်ပိုင်းနှစ်တွေမှာ လူတွေက မေ့လျော့လာကြတာ တွေ့ရပါတယ်။ ဒါ့ကြောင့် မမေ့မလျော့နဲ့ လုပ်ဆောင်ပေးကြဖို့ ပြန်လည်တိုက်တွန်းနှိုးဆော်တာပဲ ဖြစ်ပါတယ်။ အာဇာနည်ပုဂ္ဂိုလ် ၉ ဦးသာမကပဲ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေလည်း ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ ပြည်သူအားလုံးပါဝင်မှ တော်လှန်ရေး အမြန်အောင်မြင်မှာဖြစ်လို့ နိုင်ရာတာဝန်ကို ပူးပေါင်းပေးကြဖို့ တိုက်တွန်းလိုပါဆယ်ယူဟု မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။
(ရန်ကုန်မြို့ လှည်းတန်းကုန်းကျော်တံတားနံရံတွင် ၂၀၂၂ ဇူလိုင် ၁၉ ရက်က တွေ့ရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတစ်ခု။ ဓာတ်ပုံ – Bama Youth Network)


















































