Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်ရှိ သံဃာတော်များက စစ်ကောင်စီအား ကံဆောင်သပိတ်မှောက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ သံဃာတော်များက စစ်ကောင်စီအား ကံဆောင်သပိတ်မှောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြောင်မြို့နယ်ရှိ သံဃာတော်များ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ သံဃာတော်များက စစ်ကောင်စီအား ကံဆောင်သပိတ်မှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၂၁ရက်) မြောင်မြို့နယ်တနေရာရှိ သိမ်တစ်ခုတွင် သံဃာတော်များ စုဝေး၍ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခြင်း ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“သူတို့ကတော့ ရေဝင်အရပ်ဆိုတော့ နောက်ကျပြီးမှပြတာ။ နောက်ထပ်လည်းတိုးလာဦးမယ်ထင်ပါတယ်။ ကံဆောင်သပိတ်ကတော့ ရတဲ့နည်းနဲ့ပြနေကြတယ်”ဟု ကံဆောင်သပိတ်ဦးဆောင်သူ ချောင်းဦးဆရာတော်က မိန့်ကြားသည်။

ထို့အပြင် ပြည်သူလူထုနှင့် အခြားလူထုသပိတ်အင်အားစုများကပါ လာရောက်ဝန်းရံခဲ့ပြီး ထိုင်သပိတ်ပါ ပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

“ဒါကလုပ်ရမယ့်ကိစ္စလည်း ဖြစ်တယ်။ ကြာတာတော့ကြာသွားတယ်။ ဒါပေမယ့်ကြာသွားတိုင်းလည်း ပြီးသွားလို့ရတဲ့ကိစ္စမျိုးမဟုတ်လို့ ဒါကိုလည်း ရည်ရွယ်တာ။ ပြ​ည်သူလူထုကလည်း သံဃာတော်တွေပါလာတဲ့အတွက် ပိုပြီးအားတက်တယ်။ အားရှိတယ်။”ဟု ကိုနွေဦး(မြောင်)က ဆိုသည်။

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလငမြင်းမူ၊ ရေဦး၊ ကနီ၊ မြောင် အစရှိသည့် မြို့နယ်များ၌လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်၊ ပခုက္ကူ၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များ၌လည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မန္တလေး အစရှိသည့် မြို့နယ်များတွင်လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၂၃ မြို့နယ်အထိ ရှိခဲ့သည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ဆိုသည်မှာ “ရဟန်းတို့အား လာဘ်မရအောင်ပြုခြင်း၊ အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြုခြင်း၊ နေမြဲကျောင်းမနေရအောင်ပြုခြင်း၊ ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်းခြင်း၊ ရဟန်းခြင်း ကွဲပြားအောင်ပြုခြင်း၊ ဘုရား၊ တရား၊ သံဃာ ကျေးဇူးမဲ့ဆိုခြင်းများ အစရှိသည့် အင်္ဂါ ၈ပါးနှင့်ပြည့်စုံသော ဥပါသကာအား သပိတ်ကို မှောက်ခြင်းငှာ ခွင့်ပြု၏။ အင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးသော အင်္ဂါနှင့်ပြည့်စုံသူကိုလည်း သိမ်တွင်း၌လည်းကောင်း၊ အိမ်ပသို့သွား၍ မြစ်စသည်တို့၌လည်းကောင်း သပိတ်မှောက်အပ်ကြောင်း၊ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထုတစ်စုံတရာကို မခံယူအပ်။ ဤမည်သောသူ၏အိမ်၌ ဆွမ်းမခံကြပါနှင့်ဟု တပါးသောကျောင်းတို့သို့လည်း စေလွှတ်အပ်၏”ဟု မြတ်စွာဘုရားလမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကံဆောင်သပိတ်ကို နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုဆင်နွှဲနေသော သံဃာတော်များ၏ ကံဆောင် သပိတ်ကို အထွေထွေအကျပ်အတည်းအား ဆန့်ကျင်သည့် လှုပ်ရှားမှုများအားဖြင့် ဝန်းရံအားဖြည့်ကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဇူလိုင် ၁၉ရက်တွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။