ဟန်နွေ၊မိထက်/People’s Spring
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ ၏ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (ဇူလိုင် ၂၅ရက်)တွင် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါရဲစခန်းကို KIA၊ KPDFနှင့် ကျောင်းသားတပ်မတော်(ABSDF)ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
” ဒီကနေ့ ၁၁နာရီ ၂၀ မိနစ်မှာ တွင်းငယ်ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တွင်းငယ် ရဲကင်းစခန်းရှေ့တွင် ပူးပေါင်းတပ်ဖွဲ့များ အောင်ပွဲခံနေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသသည်။
ဓာတ်ပုံမှတ်တမ်းအရ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲများ ကိုင်လေ့ရှိသည့် လက်နက် ၆လက်ထက်မနည်း သိမ်းပိုက်ရရှိထားသည်ကိုလည်းတွေ့ရသည်။
” တွင်းငယ်ရဲစခန်းရပါပြီ။ ဒီစခန်းက မိုးမိတ်-မန္တလေးလမ်းပိုင်းမှာရှိတဲ့ အခိုင်အမာတပ်ပါ။ စစ်ဒေသက မကြာခင်တရားဝင်ထုတ်ပါလိမ့်မယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများပြားကြောင်း သိရပြီး အသေးစိတ်ကို မသိရသေးပေ။
KIA ပူးပေါင်းတပ်သည် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ယခု ဇူလိုင်လအတွင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တပ်စခန်း ၃ခုကို သိမ်းပိုက်ရရှိထားသည်။