Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပျက်စီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါးယံဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင် သုံးဆောင် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါးယံဘုန်းတော်ကြီးကျောင်းရှိကျောင်းအဆောင်များ ပျက်စီးသွားစဥ်။ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါးယံဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင် သုံးဆောင် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၁၁ရက်) ည ၁၁နာရီခွဲခန့်က တောင်သာမြို့နယ်၊ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ၊ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော်နှင့်ကျောင်းသားများ ထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင် သုံးဆောင်ပျက်စီးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ည လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း ဘုရားလှကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

“မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ ဗုံးနဲ့၃ခါလာကြဲသွားတယ်။ မနေ့ညက ၂ ခါကြဲတယ်။ စုစုပေါင်း ၅ ခါကြဲတယ်။ ဒီနေ့က ဘုရားလှကို တိုက်ပြီး ပြန်ဆုတ်လာတဲ့အချိန် ကြဲတာဆိုတော့ ထိခိုက်မှုတော့မရှိဘူး။”ဟု တောင်သာပကဖသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါးယံဘုန်းတော်ကြီးကျောင်းရှိကျောင်းအဆောင်များ ပျက်စီးသွားစဥ်။ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ

ယနေ့နံနက်ပိုင်းက တောင်သာမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ စွပ်ကျယ်စက်ရုံ၊ ဘုရားလှပျူရွာ အစရှိသည့် နေရာ လေးနေရာရှိ စစ်ကောင်စီတပ်အား တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တို့က ဦးဆောင်ပြီး တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်းနှင့် အမှတ်(၁) စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့ကိုစစ်ကူလာနိုင်မည့်လမ်းကြောင်းများကိုပါ ဒေသကာကွယ်ရေးအဖွဲ့များက ပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။

တောင်သာမြို့အဝင်တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန်ခဲ့ပြီး အခြားပစ်ခတ်ခံရသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်း၄ခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ တပြိုင်တည်းတိုက်ခိုက်သည့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှု၌ စစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်လာကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

သတင်း

ထိုင်းတွင်အလုပ်လုပ်စဉ်ဖမ်းဆီးခံရပြီးစစ်ကောင်စီထံအတင်းအကြပ်ပြန်ပို့ခံရစဉ်စစ်မှုထမ်းခိုင်းခြင်းဖြစ်

ဆောင်းပါး

ချင်းတွင်းမြစ်ကမ်းဘေးက ရွာတန်းရှည် မတောရွာဟာ ဇွန်လ ၃ရက်နေ့ နံနက် ၁၀နာရီ ၁၃ မိနစ်မတိုင်ခင်အထိ သာသာယာယာရှိနေပါတယ်။ရွှေမန်းတင်မောင်ရဲ့ "အောင်ပါစေ" သီချင်းဟာ ရွာနီးရိုးချုပ်စပ်မှာ လှိုင်ထွက်နေပါတယ်။ ရွာက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ရဲ့ မင်္ဂလာပွဲကို ရွာဓလေ့အတိုင်း ကျင်းပနေတာပါ။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

Facebook