အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရှေးဟောင်းစေတီအချို့ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(သြဂုတ် ၁၅ရက်) ည ၈နာရီခန့်က စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ မြင်းခြံမြို့၊ အမှတ်(၁၅) ခြေမြန်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာ(ခ)တစိုးရွာရှိ ရှေးဟောင်းစေတီတစ်ဆူဖြစ်သော လှိုင်ရှည်စေတီနှင့် စေတီအချို့ ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲမရှိဘဲနဲ့ ပစ်တာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ သြဂုတ် ၁၄ရက်ကလည်း ခမရ(၁၅)မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍
လက်ဝဲမြင်းနီကျေးရွာ ရွှေပွင့်စင်ဘုရားအတွင်းရှိ စေတီငယ်တစ်ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ကျေးရွာများအား လေယာဥ်များ ဆက်တိုက်ဝဲပျံနေပြီး တောင်သာ နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ လေကြောင်းမှပစ်ခတ်မှုများရှိနေကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နွားထိုးကြီး PDF၏ တာဝန်ရှိသူက ပြောသည်။
သြဂုတ် ၁၀ရက်က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်အုပ်စုဝင် အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့် စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။