သတိုး/People’s Spring
မန္တလေးမြို့တွင် စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး သွေးတိုးလှုံ့ဆော်မှုများပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် သတိထားရန် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)နှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy)တို့က အသိပေးချက် ထုတ်ပြန်သည်။
“ပြည်သူ့တော်လှန်ရေးကြီးတွင် မျက်နှာစာတိုင်း၊ တိုက်ပွဲတိုင်း၌ အရှုံးကြီး ရှုံးနေသော ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုသည် ယခုအခါ မန္တလေးမြို့ အပါအဝင် တနိုင်ငံလုံးတွင် လူမျိုးရေး၊ ဘာသာရေး အခြေပြု တင်းမာမှုများ၊ အဓိကရုန်းများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်မှုများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ ထို့ပြင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည် တယ်လီဂရမ်(Telegram Channel) အပါအဝင် ၎င်းတို့၏ ဝါဒဖြန့်ချိရေးလမ်းကြောင်းများတွင် တရုတ်ဆန့်ကျင်ရေး၊ ကိုးကန့်ဆန့်ကျင်ရေး လူမျိုးရေး အမုန်းစကားများ၊ သွေးထိုးစကားများကို ရည်ရွယ်ချက်ရှိရှိ ကြံစည်၊ ဝါဒဖြန့်နေသည်ကိုလည်း တွေ့ရှိရပါသည်။”ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မန္တလေးမြို့တွင် ယခင်ကတည်းက တရုတ်လူမျိုးများနှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများလုပ်ဆောင်မှုအပေါ် အပြင်းအထန် ရှုတ်ချကြောင်း အထက်ပါအဖွဲ့များက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်သည့် အကြောင်းအရာများကို သတင်းအချက်အလက် ခိုင်မာမှုကိုစစ်ဆေးခြင်း၊ သက်သေမခိုင်လုံ အတည်မပြုနိုင်သည့် အကြောင်းအရာများကို ဖြန့်ဝေခြင်းမပြုခြင်း ၊ ယင်းသတင်းများအပေါ် တုန့်ပြန်မှုမပြုလုပ်ခြင်းနှင့် မတူကွဲပြားသည့် လူမျိုး ၊ ဘာသာများကြား၌ ချစ်ကြည်ရင်းနှီးမှု ကိုတည်ဆောက်ကြရန် အထက်ပါအဖွဲ့များက တိုက်တွန်းထားသည်။
“အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ အာရုံလွှဲ၊ သွေးထိုးလှုံဆော်မှုများအပေါ် သတိချပ်ကာ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံး လက်ရှိ ဖော်ဆောင်ဆင်နွှဲလျက်ရှိသော ပြည်သူ့တော်လှန်ရေးကြီး ခရီးဆုံးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိရေးကိုသာ ဆက်လက်ရှေးရှုချီတက်ကြပါရန်။”ဟုလည်း အကြံပြုထားသည်။
စစ်ရေးမျက်နှာစာတိုင်းတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ နေ့စားဖြင့် လူများခေါ်ယူကာ လူထုထောက်ခံပွဲဟု အမည်တပ်ထားသည့် ဆန္ဒပြပွဲများကို ပြုလုပ်လျက်ရှိသည်။
ဩဂုတ် ၃ ရက်တွင် စစ်ကောင်စီ၏ အရေးပါသော လားရှိုးမြို့အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်လွှတ်ဆုံးရှုံးခဲ့ရသောကြောင့် အဆိုပါ ဌာနချုပ်အား သိမ်းပိုက်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA)အား ဆန့်ကျင်ရှုတ်ချကြောင်းနှင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်နှင့်အခြားမြို့တို့၌ သြဂုတ်ပထမပတ်တွင် ပြုလုပ်ခဲ့သည်။