Connect with us

Hi, what are you looking for?

သတင်း

မိုးမောက် ခမရ(၄၃၇)တပ်ရင်းတိုက်ပွဲ စစ်ကောင်စီတပ်ရာချီသေဆုံးဟု ဖမ်းမိစစ်ကောင်စီအရာရှိထွက်ဆိုဟုဆို

ရှမ်းမြောက်ဖြစ်စဉ်များကို အတုမယူဘဲ အသေခံတိုက်ခိုက်ခြင်းမှာ မိုက်မဲမှုသာဖြစ်ဟု CDM အရာရှိသုံးသပ်

မိုးမောက် ခမရ(၄၃၇)တပ်ရင်းတိုက်ပွဲအတွင်း သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့ ခမရ(၄၃၇) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စစ်ကောင်စီတပ်ကအင်အား ရာချီသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးမောက်မြို့၌ နောက်ဆုံးကျန်နေသည့် အဆိုပါတပ်ရင်းကို KIA ပူးပေါင်းတပ်က ဇူလိုင် ၂၄ရက် တွင် တကြော့ပြန် ထိုးစစ်ဆင်ခဲ့ရာ တစ်လနီးပါးအကြာ ဩဂုတ် ၁၉ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မိုးမောက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရာချီသေဆုံးမှုကို ဖမ်းမိ စစ်ကောင်စီ အရာရှိထံမှ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ခဲယမ်းများစွာကိုလည်း KIAက သိမ်းပိုက်ရရှိထားပြီး သံချပ်ကာယာဉ်တစ်စီးပါ ပါဝင်ကြောင်း မိုးမောက်တိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများ၏ မှတ်တမ်းဓာတ်ပုံ၊ ရုပ်သံများအရ သိရသည်။

” ရာချီသေတာလည်း ဖြစ်နိုင်ပါတယ်။ တချို့ ဖမ်းဆီးရမိ စစ်သုံ့ပမ်းတွေကိုယ်တိုင် ပြောဆိုနေတာဆိုတော့ ရာချီအသေခံပြီးတိုက်တာ ဒီကောင်တွေ တော်တော်ပိန်းတာပဲ။ ရှမ်းမြောက်ကိစ္စတစ်ခုလုံး လားရှိုးကို အတုယူပြီး စောစောစီးစီးလက်နက်ချလိုက်ရင်တောင် ပိုပြီးတော့ အဆင်ပြေမယ့်အနေအထားရှိတာကို တွေ့နေတဲ့ဟာကို အသေခံပြီးတိုက်တာ မိုက်လိုက်တာလို့ ပြောရမှာပေါ့”ဟု CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က မိုးမောက်တိုက်ပွဲ ဖြစ်ရပ်အပေါ် သုံးသပ်သည်။

ယခုသိမ်းပိုက်နိုင်ခဲ့သည့် ခမရ(၄၃၇)တပ်ရင်းသည် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးကြီးသည့် တပ်စခန်းဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများကိုမေးမြန်းရာ KIA သတင်းပြန်ကြားရေးဌာနအနေဖြင့် အဆိုပါအချက်အလက်များ ဖော်ပြလေ့မရှိဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခု သိမ်းရခဲ့သည့် ခမရ(၄၃၇)တပ်သည် စကခ(၂၁) အခြေစိုက်သည့် ဗန်းမော်၏ ရှေ့ကာတပ်ဟု ပြော၍ ရကြောင်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စိန်လုံစစ်ကောင်စီဗျူဟာကျပြီးကတည်းက စစ်ကောင်စီက စကခ(၂၁) စကခမှူးဦးဆောင်ပြီး ခမရ(၄၃၇)၌ တပ်စွဲထားရသည့် အနေအထားဖြစ်ကြောင်း CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ဗန်းမော်နှင့် မိုးမောက်ကြား ထိန်းချုပ်ပြီးမှ KIAက တိုက်ခိုက်ခဲ့သည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

” ဘာလို့လည်းဆို ဗန်းမော်ဘက်ကစစ်ကူတက်လာတဲ့ တင့်ကားနဲ့ လက်နက်ခဲယမ်းကားတွေကို အရင် ဖျက်ဆီးနိုင်လိုက်တဲ့အဆင့်ဆိုတော့။ အဲဒီတော့ ဆက်ပြောရမယ်ဆိုရင် မိုးမောက်နဲ့ ဗန်းမော်နဲ့ ကြားထဲမှာ ဟင်းလင်းကြီးဖြစ်သွားပြီ။ အဲဒီတော့ ဗန်းမော်သည် ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ထဲကို ကျရောက်ဖို့ အလိုအလျောက်ကိုရောက်သွားပြီလို့ ပြောလို့ရတယ်။”ဟု ဗိုလ်ကြီးဇင်ယော်က ပြောကြားသည်။

ပုံမှန်အားဖြင့် စစ်ကောင်စီတပ်ရင်းတစ်ခုအား ယခုကဲ့သို့ ရက်ရှည်တိုက်ခိုက်စရာမလိုသော်လည်း စစ်ကောင်စီက စကခ(၂၁) လက်အောက်ခံတပ်ရင်းများ၊ တပ်မ(၈၈) လက်အောက်တပ်ရင်းများ ပူးပေါင်းခံစစ်ဆင်နေ၍ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီအနေဖြင့် မိုးမောက်အပါအဝင် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေး ခုခံခဲ့သော်လည်း KIA၏ ထိုးစစ်အောက်တွင် တပ်စခန်း ၂၀၀ကျော်ကို ယခုနှစ်အတွင်း သိမ်းပိုက်ခံခဲ့ရပြီးနယ်မြေအများအပြား၊ တပ်ရင်းဌာနချုပ်၊ ဗျူဟာစခန်း၊ တပ်စခန်းများစွာ ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။