Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ပေါ် စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ် အရပ်သားတစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ

TNLA ကသီပေါမြို့ကိုအရေးပေါ်အခြေအနေ ကြေငြာထားပြီး ညမထွက်ရ အမိန့်ထုတ်

လက်နက်ကြီးကျည်ကျ၍ ထိခိုက် ​သေဆုံး၊ဒဏ်ရာရသူကိုပြည်သူများကဝိုင်းဝန်း သယ်ဆောင်စဉ်။ ဓါတ်ပုံ - Nani

မိထက်/People’s Spring

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဩဂုတ်လ ၂၄ရက်)နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ​ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

သြဂုတ် ၂၄ ရက် နံနက် ၈နာရီခန့်က သီပေါမြို့ဘုရားကြီးကုန်းပေါ်သို့လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး စစ်ကောင်စီက ခလရ(၂၃)ထဲမှနေ၍ ပစ်ခတ်ခြင်းဟု မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ဒီမနက်က စစ်တပ်ဖက်က တဖက်သတ်ပစ်နေတာ။ တိုက်ပွဲလို ဖြစ်နေတာ မဟုတ်ဘူး” ဟု သီပေါ မြို့ခံတစ်ဦးကပြောသည်။

ယင်းဖြစ်စဥ်၌ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကာ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်ရှိနေ၍ ဒေသခံများသည် စိုးရိမ်ထိန့်လန့်နေကြသည်။

“လက်နက်ကြီးကို ကစားစရာလို ရမ်းပစ်နေတာ ဆက်တိုက်ပဲရှင့်။ စစ်ဖြစ်နေတဲ့နေရာမဟုတ်ဘူး။ ရမ်းပစ်နေတာ”ဟုဒေသခံတစ်ဦးကပြောသည်။

သီပေါမြို့မှ စစ်ကောင်စီစခန်းများကိုလည်းတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မဟာမိတ်များက ဩဂုတ်လ၁၀ရက် နံနက်အစောပိုင်းမှစ၍ တိုက်ခိုက်ခဲ့သည်။သီပေါမြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို စစ်ကောင်စီတပ်များထွက်ပြေးသွားပြီးနောက်ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)

အတွင်းသို့ ဆုတ်ခွာသွားကာ ယနေ့အထိခုခံတိုက်ခိုက်နေဆဲဖြစ်သည်။ သီပေါ်မြို့ကို TNLA က အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးကြိုးစားနေသည်။

ထို့အပြင် သီပေါမြို့ကို TNLA က အရေးပေါ်ကာလအခြေအနေ ကြေငြာထားပြီး ညမထွက်ရ အမိန့်အပါအဝင် အချက်၈ ချက် သတိပေးထားသည်။

ည ၇ နာရီကနေ မနက် ၅ နာရီအထိ နေအိမ်ဝန်းအတွင်းက အပြင်မထွက်ရန်၊ အိမ်ရှင်မသိဘဲ နေအိမ်အတွင်း မဝင်ရန်၊ အစိုးရဌာနပိုင်ရုံးများနှင့် အများပြည်သူဆိုင်ရာနေရာများကို မဝင်ရန်၊ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ ယူဆောင်သိမ်းဆည်းထားခြင်းမလုပ်ရန်၊ စစ်အသုံးအဆောင်ပစ္စည်းလက်နက်ခဲယမ်းများ လက်ဝယ်ကိုင်ဆောင်ခြင်းမလုပ်ရန်၊ အရေးပေါ်ကိစ္စအတွက် ရပ်ကွက်အုပ်/မှူးမှ တဆင့် တာဝန်ရှိသူများထံ အကူအညီတောင်းခံသွားရန်၊ ဒုစရိုက်ရာဇဝတ်မှုတွေ မကျူးလွန်ရန်နှင့် စားသောက်ကုန်များ စျေးနှုန်းအဆမတန်စျေးမြှင့် ရောင်းချခြင်းမလုပ်ရန် ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

သီပေါ်မြို့ဝန်းကျင်၌ တိုက်ပွဲဆက်လက်ဖြစ်နေပြီး စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၄၇)နှင့် ယင်းနေရာပတ်ဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းများကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ဩဂုတ်လ ၂၁ရက်သိမ်းယူခဲ့သည်။

သို့​​သော် သီ​ပေါတွင် ​နောက်ဆုံးကျန်​နေ​သေး​သောမြို့ပြင်ရှိ ခလရ ၂၃ ၊ ခမရ ၅၀၃ ၊ခမရ ၅၀၄ တပ်ရင်းများကို TNLA ကအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၄ဦး သေဆုံးပြီး ၄၂ဦးဒဏ်ရာရရှိထားကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ ‌သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။