Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပြည်သူနှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၅ဦး ဒဏ်ရာရ

သြဂုတ် ၂၀ ရက်က ကွမ်းအုံရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - တောင်သာ ပကဖ၊ နွားထိုးကြီးသတင်းစုံ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ကျေးရွာ နှင့် စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ နှစ်ဦးသေဆုံးပြီး ကလေး နှစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဩဂုတ် ၂၇ ရက်) နေ့လယ် ၁နာရီ ၁၀ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ ငါန်းမြာစခန်းက သိမ်းပြီးကတည်းက တိုက်ပွဲဆက်ဖြစ်တာမရှိဘူး။”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMမှ ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

ငါန်းမြာကြီးစခန်းအား ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်များက

တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲတပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်အပါအဝင် စစ်သုံ့ပန်း ၇ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည်။

အလားတူ ယနေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ခန့်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ရာ (၅)နှစ်နှင့် (၁၀)နှစ်အရွယ် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကလေးနှစ်ယောက်ထဲက တစ်ယောက်က ခြေထောက်တစ်ဖက်က လုံး​ဝပြတ်သွားတယ်။ နောက်တစ်ဖက်က အရိုးထိသွားတယ်။ ဖြတ်ရမလား စတီးရိုးထည့်ရမလား မသိဘူး။ နောက်တစ်ယောက်က ခြေလက်အင်္ဂါတော့မဆုံးရှုံးဘူး။ တော်တော်လေးတော့ထိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဘုန်းကြီးကျောင်းအဆောင်ဟောင်းနှင့် အဆောင်သစ်ပါ ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ဝဲမြင်းနီကျေးရွာသည် သြဂုတ် ၂၁ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပျက်စီးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ အကြောင်းမဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်းပြည်သူများ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၀ ရက်ကလည်း လက်ဝဲမြင်းနီရွာအနီး ကွမ်းအုံရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယမန်နေ့ သြဂုတ် ၂၆ ရက် ည ၈ နာရီခွဲခန့်က တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးရွာဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီးဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများ၊ စာသင်ကျောင်းနှင့် နေအိမ်အဆောက်အအုံများ ပါထိခိုက်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း စစ်ကောင်စီသည် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု နေရာ ၁၀နေရာထက်မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။