Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ကို စစ်ကောင်စီ လေယာဉ်ဖြင့် ခဲယမ်းများဖြည့်တင်း

ချင်းပြည်နယ် မင်းတပ်မြို့ စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းကို စစ်ကောင်စီက ယနေ့ နံနက်တွင် လေယာဉ်ဖြင့် ရိက္ခာခဲယမ်း ဖြည့်တင်းနေကြောင်း မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီက မင်းတပ်မြို့ရှိ တပ်ရင်းအား လေကြောင်းမှ ရိက္ခာဖြည့်တင်းနေစဉ်။ ဓာတ်ပုံ - Hkl -Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းကို စစ်ကောင်စီက ယနေ့ နံနက်တွင် လေယာဉ်ဖြင့် ရိက္ခာခဲယမ်း ဖြည့်တင်းနေကြောင်း မင်းတပ်ဒေသခံက ပြောသည်။

ဩဂုတ် ၂၈ရက် နံနက် ၈နာရီခွဲခန့်မှစ၍ ခလရ(၂၇၄) အနီးတဝိုက်ကို Y12လေယာဉ်မှ လေထီးများဖြင့်ခဲယမ်း ရိက္ခာများချပေးနေဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်ရင်းသို့ လက်နက်ခဲယမ်းရိက္ခာများ ဖြည့်တင်းနေသည့် အကြောင်းအရင်း အသေးစိတ်ကို မသိရသော်လည်း မကြာခင် တိုက်ပွဲဖြစ်လာနိုင်၍ စစ်ကောင်စီဘက်က ခဲယမ်း စုနေခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့သို့ မြေပြင်မှ ရိက္ခာခဲယမ်း ဖြည့်တင်းနိုင်မှုမရှိသည်မှာ နှစ်ချီနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

” မြေပြင် မလာတာ နှစ်နဲ့ချီပြီ။ ပခုက္ကူကနေလာရင် တစ်လမ်းလုံးပြောင်(လမ်းတလျောက် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ)ကုန်လို့လေ။ အရင်ကတော့ လာကြသေးတယ်”ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့နယ်အတွင်း လတ်တလော တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မိုင်းများ ထောင်ထားခြင်းတို့ ပြုလုပ်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဩဂုတ် ၂၇ရက်ကလည်း မင်းတပ်မြို့ လျှပ်စစ်မန်နေဂျာရုံးအနီးတွင် စစ်ကောင်စီ ထောင်ထားသည့် မိုင်းကြောင့် အဖွားအိုတစ်ဦး ခြေထောက် ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းများကလည်း စစ်ကောင်စီက မင်းတပ်မြို့ အနီးဝန်းကျင်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ထိုသို့ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းအပြင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ၊ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့၍ မင်းတပ်ဒေသခံ ပြည်သူများ သေဆုံးထိခိုက်မှု မကြာခဏ ရှိခဲ့သည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာနေခြင်းကြောင့် စစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်အကြား အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း CDF မင်းတပ်ကဩဂုတ် ၂၁ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

CDF မင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ဇွန်လအတွင်းက မတူပီ မြို့ သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ချင်းညီနောင်နှင့် မဟာမိတ် AAတို့ ပါဝင်သည့် တပ်များသည် မတူပီမြို့ကို သုံးပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန် ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်များ ကင်းစင်အောင် ဆောင်ရွက်မည်ဟုလည်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။