အင်ကြင်း၊စောနွေဦး /People’s Spring
မန္တလေးမြို့လယ်၌ ဖွင့်လှစ်ထားသည့် MAI ရုံးခွဲ စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။
မန္တလေးမြို့လယ်၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဟေမာဇလရပ်၌ ဖွင့်လှစ်ထားသော MAI လေကြောင်းရုံးခွဲအား စက်တင်ဘာ ၁ ရက်မှစတင်၍ ပိတ်သိမ်းထားမည်ဟု MAI လုပ်ငန်းက ကြိုတင်အသိပေးကြေညာခဲ့သည်။ ထိုရုံးခွဲကို ၂၀၁၉ သြဂုတ် ၇ ရက်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တိုက်ပွဲများနီးကပ်လာ၍ MAI ရုံးခန်းပိတ်သိမ်းခြင်းဖြစ်မည်ဟု မြို့ခံများက ယူဆနေကြသည်။
“သူတို့နေရာက တပ်နဲ့လည်းနီးတော့ ပိတ်လိုက်တာဖြစ်မယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
သို့သော် အွန်လိုင်းအရောင်းများနှင့် ကိုယ်စားလှယ်များကြောင့် မန္တလေး ရုံးခွဲ ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသကဲ့သို့ လုံးဝမဟုတ်ဟု MAI က ငြင်းဆိုသည်။
လူမှုကွန်ယက်မီဒီယာများတွင် မန္တလေးမြို့၌ တိုက်ပွဲများဖြစ်လာနိုင်၍ ပိတ်ခြင်းဖြစ်မည်ဟုပြောနေကြခြင်းဖြစ်သည်။
ရုံးခွဲပိတ်လိုက်သော်လည်း လက်ရှိတွင် MAI လေယာဥ်လက်မှတ်များအား ပုံမှန်အတိုင်း ရောင်းချပေးနေဆဲဖြစ်ကြောင်း မန္တလေးမြို့မှ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်အချို့က ပြောသည်။
MAIသည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်မူ လက်မှတ်ရောင်းချရေးရုံးကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမည်ဟု ဆိုပြန်သည်။
လေကြောင်းလိုင်း ရုံးခွဲမှ ဝန်ထမ်းများက မနေရဲတော့သဖြင့်ရုံး ပိတ်လိုက်ခြင်းဖြစ်ပြီးလေကြောင်းလိုင်းမှာ ဆက်လက်ပျံသန်းပြေးဆွဲနေဆဲဖြစ်ကြောင်း လေကြောင်းလိုင်း People’s Spring ကစုံစမ်းသိရသည်။
MAI လေကြောင်းလိုင်းနှင့် Air KBZ လေကြောင်းလိုင်းတို့သည် ခရိုနီ ဦးအောင်ကိုဝင်း၏ ကမ္ဘောဇကုမ္ပဏီအုပ်စုက ပိုင်ဆိုင်ပြီး ၊ ထိုလေကြောင်းလိုင်းနှစ်လိုင်း၏ စီမံခန့်ခွဲမှု ကို အခြားခရိုနီတဦးဖြစ်သော ဦးအောင်အောင်ဇော် ၏ 24 Hour Group က လုပ်ကိုင်နေခြင်းဖြစ်သည်။စစ်အုပ်စုအတွက် ATR လေယာဥ်များပျံသန်းနိုင်ရန် ကူညီပေးနေသော ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများတွင် 24 Hour Group လည်းပါဝင်ပြီး နိုင်ငံတကာက ဒဏ်ခပ်အရေးယူရန် Justice For Myanmar (JFM)က သြဂုတ် ၂၉ ရက်တွင်ထုတ်ပြန်ထားသည်။
မန္တလေးမြို့သည် တိုက်ပွဲများနှင့်နီးကပ်လာပြီး မန္တလေးစည်ပင်နယ်နမိတ်ဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၌ပင် တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်တစ်မြို့နယ်လုံး၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်ထားသည့်အပြင် မန္တလေးနှင့်အနီးဆုံး မတ္တရာမြို့နယ်အတွင်း၌ တပ်စခန်း ၃၅ ခုအား သိမ်းပိုက်ထားသည်။
ထို့အပြင် မန္တလေးနှင့် နေပြည်တော်ခရီး အလှမ်းမဝေးတော့ဟု မန္တလေး PDF သတိပေးထားသည်။
သြဂုတ်လ နောက်ဆုံးပတ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်မန္တလေးမြို့သို့လာရောက်စဥ် ၎င်းအောက်ခံခရိုင်အဆင့်ဝန်ထမ်းများအား လုံခြုံရေးသတိပြုရန် မှာကြားသွားခဲ့သည်။