Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်မြို့တွင် ရေပြန်ကျသော်လည်း မြို့ဧရိယာအများစု ရွှံ၊ နွှံများစွာဖြင့် ပျက်ဆီးမှုများ ကျန်ရစ်

ရေကြီး ​မြေပြိုမှု​ကြောင့် ပြည်သူ အနည်းဆုံး ၄ ဦး​သေပြီး ၄ ဦး​ပျောက်ဆုံး​နေ

စက်တင်ဘာ ၁၂ ရက် နံနက်က တာချီလိတ်မြို့ ရေကျသွားပြီးနောက် ရွှံ၊ နွှံများဖြင့် အပျက်အစီးမြင်ကွင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - LGS

သုည/People’s Spring

ရေကြီးမှုဒဏ်ခံရသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စက်တင်ဘာ ၁၂ နံနက်ပိုင်းမှစ၍ ရေပြန်ကျသော်လည်း မြို့ဧရိယာအများစု ရွှံ၊ နွှံများဖြင့် ပျက်ဆီးမှုများ ကျန်ရစ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က စတင်ကာ မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် တာချီလိတ်မြို့တွင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ ရေများကျသွားပြီးနောက် တာချီလိတ်မြို့ပေါ် အဝိုင်းပတ်အနီး၊ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ ဘုရင့်နောင်ရုပ်ထုရှေ့ အပါအဝင် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားတို့တွင် ရွှံ၊ နွှံများ တင်ကျန်ကာ ​နေအိမ် များ၊ ကားနှင့်ဆိုင်ကယ်များ ၊ အ​ဆောက်အအုံများ ပျက်စီးမှုများစွာရှိ​နေကြောင်း တာချီလိတ်မြို့နေပြည်သူအချို့ က ​ပြောသည်။

Public Service Announcement

Public Service Announcement

“ရေက မနက် ၇ နာရီကျော်လောက်ထဲက ပြန်ကျသွားပါပြီ။ ရေတက်တုန်းကတော့ အရမ်းကြောက်ဖို့ကောင်းတယ်။ ချောင်းရေမြင့်တက်လာတာဆိုတော့ ရေက ငြိမ်ပြီး တက်တာမျိုး မဟုတ်ဘဲ ရေစီးတဲ့ ပုံစံမျိုးနဲ့ကို တောက်လျှောက်တက်လာတာပါ။ ဒါ့ကြောင့် ပျက်ဆီးမှုလည်း တော်တော်များတယ်။ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ကားအသေးတွေဆို ရေထဲကို မျောပါသွားတာပါ။ အခုလည်း ရေကျသွားပေမယ့် နေရာတော်တော်များများ ရွှံ၊ နွှံတွေနဲ့ ပျက်ဆီးပဲ ကျန်ခဲ့ပါတယ်” ဟု တာချီလိတ်မြို့ခံက ပြောသည်။

ထို့အပြင် ​ရေကြီး​နေစဥ် ပုန်းထွန်ရပ်ကွက်တွင် ​မြေပြို၍ ပြည်သူ ၃ ဦး​သေဆုံးပြီး ၄ ဦး​ပျောက်ဆုံးကာ ၊ ဖန်မင်​ကျေးရွာ အုပ်စုမှ စိတ်ကျန်းမာ​ရေးမ​ကောင်းသူတစ်ဦးလည်း စက်တင်ဘာ ၁၁ ရက်တွင် ​ရေဖြင့်​မျောပါ​သေဆုံးခဲ့သည်။ထ်ု​ကြောင့် တာချီလိတ် မြို့နယ်တွင် အနည်းဆုံး ၄ ဦး ​သေဆုံးပြီး ၄ ဦး​ပျောက်ဆုံး​နေသည်။

“ပုန်းထွန်ရပ်ကွက်က ကျောက်တောင်အပိုင်းမှာ တောင်မြေပြိုလို့ လူ ၃ ဦးသေသွားတယ်။ ပျောက်ဆုံးတာတွေလည်း ရှိတယ်။ သက်ဆိုင်ရာကတော့ ဘယ်သူမှ လာကူညီကယ်ပေးတာ မရှိဘူး။ ရပ်ကွက်ထဲက​ အသိမိတ်ဆွေတွေပဲ ဝိုင်းရှာပေးနေတယ်။ ဒီညနေအထိတော့ မြေပြိုလို့ လူ ၄ ဦးလောက်ပျောက်နေတယ်။ ဝမ်ကောင်းရပ်ကွက်ထဲက ကချင်ရွာဘက်ခြမ်းမှာလည်း မြေပြိုတာတွေ ရှိတယ်လို့ ကြားတယ်။ လူထိခိုက်မှ ရှိ၊ မရှိတော့ မသိရသေးဘူး။ အခုအားလုံးက ရေပြန်ကျတော့လည်း မြေပြိုတာတွေ ဖြစ်မှာ ကြောက်နေရတယ်” ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

​သေ​ဆုံးသူ ၄ ဦးတွင် သားအမိ နှစ်ဦးပါဝင်​ကြောင်းသိရသည်။ ​မြေပြိုပြီး ​​မြေပြိုမှု​အောက်တွင် ပျောက်ဆုံး​နေသူ ၄ ဦးကို စစ်​ကောင်စီနှင့်လက်​အောက်ခံ ဌာနများက ရှာ​ဖွေကယ်ဆယ်​ရေးမလုပ်​ကြောင်းလည်း ​ဒေသခံအချို့က ​ပြောသည်။

စက်တင်ဘာ ၁၂ ရက်တွင်တာချီလိတ်မြို့ပေါ် ၌ ရေများပြန်ကျသော်လည်းအနိမ့်ပိုင်းနေရာများ ဖြစ်သည့် ဆမ်လောဝ်ကားဂိတ်၊ ဝိန်းကျောက်ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် ယတို့တွင်ရေအနည်းငယ်ကျန်ရှိနေပြီး သွားလာရ ခက်ခဲနေသေးကြောင်း ဒေသခံပြည်သူများက ပြောသည်။

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့်ရက်ကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းယာဂီမှ အကြွင်းအကျန် တိမ်တိုက်များဝင်ရောက်နေစဉ် မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းနေခြင်းဖြစ်သည်။

စက်တင်ဘာလ (၁၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်​ကြောင်း NUG ကထုတ်ပြန်သည်။ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် (ကရင်နီ)၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ နေရာအချို့တွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၈ လက်မ မှ ၁၀ လက်မအထိ ရွာသွန်းနိုင်ပါသည်။ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားသင့်​ကြောင်း သတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို