Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ဖိတ်ခေါ်ချက် အယုံအကြည်မရှိဟု တော်လှန်ရေးတပ်ဖွဲ့များ တုံ့ပြန်

နိုင်ငံတဝန်း ဒေသအသီးသီး၌ စစ်ရှုံးနေသကဲ့သို့ ပြည်သူလူထုနေထိုင်ရာနေရာများကိုဗုံးပတ်ကြဲ သည့် စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း ဖိတ်ခေါ်သည့်ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါဖိတ်ခေါ်မှုကို အယုံအကြည်မရှိ၊ စိတ်မဝင်စားကြောင်း တော်လှန်ရေးအဖွဲ့များကတုံ့ပြန်သည်။

အာဏာသိမ်း​ခေါင်း​ဆောင် (ဓါတ်ပုံံ-စစ်​ကောင်စီ)

“ဘာမှအလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ကျနော်တို့လည်းနားညည်းတယ်ဗျာ”

—KNU ပြော​ရေးဆိုခွင့်ရှိသူ

“စကစရဲ့ လုပ်ရိုးလုပ်စဉ်၊ ကစားကွက်တွေက ငါတို့အတွက် ရိုးနေပါပြီ”

— CNF ​ပြော​ရေးဆိုခွင့်ရှိသူ

“ဒီဖိတ်ခေါ်ချက်ကိုလည်း ကျနော်တို့ စိတ်မဝင်စားဘူး”

— BPLA ကွပ်ကဲ​ရေးမှူး

“သူ့ရဲ့ ဖိတ်ခေါ်မှုက ရယ်စရာတခုလောက်ပါပဲ၊ ဘာသက်ရောက်မှုမှမရှိသလို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး”

— SOF တပ်ဖွဲ့မှူး

ဟန်နွေ/People’s Spring

နိုင်ငံတဝန်း ဒေသအသီးသီး၌ စစ်ရှုံးနေသကဲ့သို့ ပြည်သူလူထုနေထိုင်ရာနေရာများကိုဗုံးပတ်ကြဲ သည့် စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း ဖိတ်ခေါ်သည့်ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါဖိတ်ခေါ်မှုကို အယုံအကြည်မရှိ၊ စိတ်မဝင်စားကြောင်း တော်လှန်ရေးအဖွဲ့များကတုံ့ပြန်သည်။

စစ်​ကောင်စီက စက်တင်ဘာ ၂၅ ရက်တွင်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား အမေရိကန်၏ လက်ဝေခံ အဖွဲ့များ ၊ အ​မေရီကန်၏ ​ထောက်ပံ့မှု နှစ်စဥ် သန်း ၂၀၀ ရ​​ထား​သောအဖွဲ့များဟု မဟုတ် မမှန်စွပ်စွဲပြီး တော်လှန်ရေးကိုပုံဖျက်ကာ တရုတ်အစိုးရ အကြိုက်တွေ့နိုင်ဖွယ်ရှိသည့် အကြောင်းအရာများ ပါသည့် ဝါဒဖြန့်စာများ ထုတ်ပြန်ပြီးနောက် တစ်​နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားနိုင်ငံရေးပြဿနာအားနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်စာ ထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ဖိတ်ခေါ်ခဲ့သော်လည်း စစ်ကောင်စီသည် နာရီပိုင်းအကြာမှာပင် ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ရှိ ပြည်သူလူထုနေထိုင်ရာများကို ပစ်မှတ်ထား၍ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၂ဦး ထက်မနည်းသေဆုံးကာ ကိုယ်ဝန်ဆောာင် အပါအဝင် ပြည်သူလူထုထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်း ကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ဖော်ပြသည်။

ယင်းသို့ ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးက စစ်ကောင်စီအနေဖြင့် ဓာတ်

ပြားဟောင်းကို ထပ်ခါတလဲလဲဖွင့်နေခြင်းဖြစ်ပြီး လက်ရှိ အခြေအနေ များနှင့် လုံး၀ မအပ်စပ်တော့သည့် ထုတ်ပြန်ချက်ဟု မှတ်ချက်ပြုသည်။

လားရှိုးမြို့တွင် စက်တင်ဘာ ၂၇ ရက်နံနက်အ​စောဗုံးကြဲခံရပြီ​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ

“ဘာမှအလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ကျနော်တို့လည်းနားညည်းတယ်ဗျာ။ ကျနော်တို့မှာ ဘုံ နိုင်ငံရေးရည်မှန်းချက်၊ ဘုံ နိုင်ငံရေး ရပ်တည်ချက်တွေအကုန်ရှိတယ်။ ဒါက ဘာလဲဆိုတော့တစ်အချက် စစ်တပ်ဟာ နိုင်ငံရေးက ထွက်ပြီးတော့ အရပ်သားအုပ်ချုပ်မှုမှာ ခံယူ၊ ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း အဲဒီအတိုင်း ဆက်သွားရမယ် လက်ခံရမယ်။ နံပါတ်နှစ်အချက် ဖက်ဒရယ်ပြည်ထောင်စု တစ်ခု တည်ဆောက်ဖို့ အတွက် ဆိုရင် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကို လက်ခံရမယ်။တတိယ အချက်ကတော့ နေ့စဉ်နဲ့အမျှ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့တဲ့ အမှုကြီးအမှုငယ် ရာဇဝတ်မှု ပေါင်းစုံ စစ်ရာဇဝတ်မှု အပါအဝင် အားလုံးကို တာဝန်ခံရမယ်ဗျ” ဟု ပဒိုစောတောနီးက ပြောသည်။

အဆိုပါ အချက်များကို စစ်ကောင်စီက လက်ခံမှသာ ဆွေးနွေးပွဲ ဖြစ်လာနိုင်မည်ဟုလည်း ထပ်လောင်း အသိပေးသည်။

“အဲဒီလို မဟုတ်ဘဲ ဒီလိုပဲ ဆက်လုပ်မယ်ဆိုရင် ကျနော်တို့က ဘက်ပေါင်းစုံကနေပြီးတော့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော ၊သံတမန်ရေးတိုက်ပွဲတွေရော စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ပြည်သူလူထု လှုပ်ရှားမှုပါမကျန် ပြည်တွင်းပြည်ပ နိုင်ငံတကာနဲ့ လက်တွဲပြီးတော့ ဒီစစ်ကောင်စီ စစ်အုပ်စု စစ်အာဏာရှင်စနစ်ကို ဆက်ပြီးတော့ ဖိအားပေးသွားမှာပဲ။ ဒါကျနော်တို့ရဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“ဒါက နိုင်ငံရေးမှာစစ်အာဏာရှင် ဆက်လက် စွက်ဖက်နိုင်ရေး စစ်အာဏာရှင်သက်ဆိုးရှည်ရေး အတွက်ပါ။ စကစရဲ့ လုပ်ရိုးလုပ်စဉ်၊ ကစားကွက်တွေက ငါတို့အတွက် ရိုးနေပါပြီစကစ ဟာ နိုင်ငံတကာ နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြောဆိုဝေဖန်မှုကနေ နိုင်ငံရေးထွက်ပေါက်ရှာနေတယ်လို့လည်း ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်ကောင်စီ၏ ဖိတ်ခေါ်မှုသည် ဘာကြောင့် အာဏာလွှဲပြောင်းရယူခဲ့သည်ဆိုခြင်းကို ထုချေလွှာတင်ပြခြင်း နှင့် သန်းခေါင်စာရင်းကောက်မည်ဟု ကြေညာသော ထုတ်ပြန်ချက်သာဖြစ်သည်ဟု ရေးသားကာ ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြ ခဲ့သည်။

စစ်​ကောင်စီဗုံးကြဲခံရပြီး​နောက် အပျက်အစီးများ။ဓါတ်ပုံ-Arakan Princess Media

“ ခေါ်ပုံခေါ်နည်း နဲနဲများ လိုနေသလားလို့ပါ” ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ရေးသားထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တပ်ဖွဲ့မှူး ကိုအောင်စံရှားက စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ထွက်ပေါက်မရှိတော့ သည့် အခြေအနေတွင် တစ်ခုတည်းသောထွက်ပေါက်အဖြစ် ရွေးကောက်ပွဲလုပ်ပြီး တရားဝင် အစိုးရ လုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“တရုတ်ကလည်း အဲအတိုင်းဖိအားပေးနေတယ်ထင်တယ်၊ တဖက်မှာလည်း EAO တွေနဲ့ PDF တွေရန်ကလည်းရှိနေတော့ စစ်ရေးအရလည်း ပြေးလမ်းမရှိတော့ဘူး၊ တိုက်ရင်တိုက်သလောက် တမျိုးလုံးအသေခံရတော့မှာ၊ နိုင်ငံရေး အသက်ရှုလည်းကြပ်၊ စစ်ရေးလည်း ရှုံးနိမ့်ဆိုတော့ နောက်ဆုံး အရှက်မရှိ နိုင်ငံရေးနည်းလမ်းနဲ့ ပြန်ပြီး ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြပါဆိုပြီး ဖိတ်ခေါ်တော့တာပါ။သူ့ရဲ့ ဖိတ်ခေါ်မှုက ရယ်စရာတခုလောက်ပါပဲ၊ ဘာသက်ရောက်မှုမှမရှိသလို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး” ဟု ကိုအောင်စံရှားက မှတ်ချက်ပြုသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေမည်ဖြစ်သကဲ့သို့ PDFများ ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ မူအတိုင်း မင်းအောင်လှိုင်နှင့် စစ်ကောင်စီ ပြုတ်ကျ အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်သည်ဟု​ပြောသည်။

“တကယ်လို့ ဆွေးနွေးညှိနှိုင်းရေးလမ်းစဥ်သွားမယ်ဆိုရင်တောင် မအလက အလုံးစုံလိုက်လျောမှဖြစ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေအားလုံးကို အကြွင်းမဲ့လွှတ်ပေးရမယ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝလက်ခံရမယ်၊ ရှိပြီးသား ယ္ခင်အစိုးရလက်ထဲကို အာဏာပြန်အပ်ရမယ်၊ ပြီးရင် ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် တာဝန်ခံရမယ်၊ အဲလိုမှ မဟုတ်ရင် မအလထွက်ပြေးဖို့ပဲရှိတော့တယ်၊ အဲတာနောက်ဆုံးလွတ်လမ်းပဲ၊ ဒါတောင်လွတ်ဖို့မသေချာဘူးပေါ့။” ဟု SOF တပ်မှူး ကိုအောင်စံရှားက ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်းမရှိပါဘူး၊ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်လို့မရနိုင်ပါဘူး။ ဒီဖိတ်ခေါ်ချက်ကိုလည်း ကျနော်တို့ စိတ်မဝင်စားဘူး။ သူတို့ရဲ့တခုတည်းသော ထွက်ပေါက်ကို တရုတ်ဘက်က ပိုထောက်ခံအောင်လုပ်တဲ့ ဟန်ပြလုပ်ကွက်တစ်ခုသာဖြစ်ပါလိမ့်မယ်”ဟု စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် မှတ်ချက်ပြုထားသည်။

စစ်ကောင်စီအနေဖြင့်ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခြားရေး ဝမ်ယိနှင့် တွေ့ဆုံပြီးနောက် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် မြို့ရွာများ၊ စစ်ရေးအရ အထိနာသည့် နယ်မြေဒေသများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်ခဲ့ရာ ပြည်သူလူထု ရာချီသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။သို့​သော် စစ်​ကောင်စီ၏ စက်တင်ဘာ ၂၆ ထုတ်ပြန်ချက်တွင် ​တော်လှန်​ရေးအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ​ကြောင့်ဟုအပစ်ကို ပုံချထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

KIA နဲ့ မဟာမိတ်တပ်​တွေက ကချင်ပြည်နယ်၊​ဆော့​လော်ကို ​အောက်တိုဘာ ၂ရက်မှာ ထပ်မံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

အတွေးအမြင်

စစ်​ကောင်စီသည်​ရေ​ဘေးကြိုတင်ကာကွယ်ရန်သတိမ​ပေးသလို၊ပြည်သူများ၏အသက်ကယ်တင်နိုင်ရန် အ​ရေး​ပေါ်ကယ်ဆယ်​ရေးကိုလည်းမလုပ်​ပါ။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Facebook