Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လကုန်ပိုင်းက ဒရုန်းဖြင့်ဗုံးချခံရ၍ လူသေဆုံးကာ နေအိမ်များမီးရှို့ခံရသည့် သရက်ခေါင်းရွာအား တွေ့ရစဥ်။ ဓါတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာ၂၈ရက်) နံနက် ၁၁ နာရီခန့်က ကန့်ဘလူမြို့နယ်၊ မှန်နီပင်ရွာအား စံပါယ်နံ့သာကျေးရွာရှိ စစ်ကောင်စီစခန်းမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ရေရှင်ကြီးကျေးရွာအား ယမန်နေ့(စက်တင်ဘာ ၂၇ ရက်) ညနေ ၃ နာရီခွဲခန့်မှစ၍ ညနေ ၆ နာရီခန့်အထိ စံပါယ်နံ့သာရွာရှိ စစ်ကောင်စီစခန်းမှပင် ဒရုန်းဖြင့် ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများအား ပစ်မှတ်ထား၍ ရွာစဉ်လှည့်ကာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။

“စကစလိုလူမပီသတဲ့အဖွဲ့အစည်းက ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ စစ်ရှောင်စခန်းလို နေရာတွေတောင် လူစိတ်မမွေးဘဲ အချိန်တိုင်းပစ်နေတာ။ ရွာတရွာလောက်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ဖို့တော့ ဘာအကြောင်းပြချက်မှလိုမယ်မထင်ပါဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ရေရှင်ကြီးကျေးရွာသည် စစ်ကောင်စီတပ်စခန်းချရာ စံပါယ်နံ့သာရွာနှင့် ငှက်ပျောတိုင်းရွာကြားတွင် တည်ရှိသည်။

အလားတူ ယမန်နေ့နံနက်ပိုင်းကလည်း စံပါယ်နံ့သာရွာစခန်းမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့စခန်းအနောက်ဘက် ၂ မိုင်အနီးတွင် စစ်ကြောင်းနှင့်တိုးသည့် အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သေဆုံးထိခိုက်သူများ၏ အခြားအချက်အလက် များ မသိရသေးပေ။

အလားတူ စစ်ကောင်စီတပ်သည် ယမန်နေ့ကပင် ကန့်ဘလူမြို့နယ် သီရိမွန်ရွာအား နေ့လယ် ၂ နာရီခွဲခန့်တွင်တစ်ကြိမ်၊ သီရိမွန်ရွာနှင့် မေတ္တာမွန်ရွာကြားအား ညနေ ၅ နာရီခွဲခန့်တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကန့်ဘလူမြို့နယ်၊ မလည်ရွာစစ်ကောင်စီအထိုင်စခန်းအား ကန့်ဘလူခရိုင် PDFတပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များမှ ၂ ရက်ဆက်တိုက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ Jet Fighterဖြင့် လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့သေးသည်။

ဇူလိုင်လကုန်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာနှင့် သပြေသာကျေးရွာအား စစ်တပ်က လက်နက်ကြီးနှင့်ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရကာ သရက်ခေါင်းရွာမှ နေအိမ် ၇၂လုံးမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။