Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင်၏ ဘဝနှင့်သမိုင်းအမွေသည် မန္တလေး ပြည်သူလူထုအတွက် သာမက မြန်မာပြည်သူများ၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်နေမည်ဟု နယ်သာလန်သံရုံးထုတ်ပြန်

အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်နှင့်မတရားသဖြင့် လက်လွတ်စပယ် ဖမ်းဆီးထားသူများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကိုကနေဒါ တောင်းဆို

ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ​ဒေါက်တာ​​ဇော်မြင့်​​မောင်ကိုပြည်သူများနှင့်ရင်းနှီးစွာ​တွေ့ရ​စဥ်။ ဓါတ်ပုံ-NLD

“ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသားအများစုဟာ သင့်လျော်တဲ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် မရရှိဘဲ ဆိုးရွားလှတဲ့ အခြေအနေမှာ ထိန်းသိမ်းခံထားကြရပါတယ်။ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေက ထပ်လောင်း တောင်းဆိုလိုက်ပါတယ်”

— ဗြိတိသျှသံရုံးအကြီးအကဲ

ထားအိ/People’s Spring

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ဘဝနှင့် သမိုင်းအမွေသည် မန္တလေး ပြည်သူလူထုအတွက်သာမက မြန်မာပြည်သူများ၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်နေမည်ဖြစ်ကြောင်း နယ်သာလန်သံရုံးက ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်၏ ဘဝတလျှောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားရုန်းကန်မှုတွင် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ခဲ့မှုအတွက် ဦးညွှတ်အလေးပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးက ဖော်ပြသည်။

ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးအကြီးအကဲ Ken O’Flaherty ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒေါက်တာဇော်မြင့်မောင်၏ ပံ့ပိုးကူညီမှုများကို အောက်မေ့ သတိရနေမည်ဖြစ်ပြီး နာမကျန်း ဖြစ်နေစဥ်ကာလအတွင်း ဖမ်းဆီးခံထားရခြင်း အပါအဝင် ၎င်း၏ ဘဝတလျှောက်လုံး အချိန် ကြာမြင့်စွာ မတရားဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရခြင်းကိုလည်း မည်သို့မျှ မေ့ပျောက်နိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားကြောင်းကြားသိရတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပြီး မိသားစုဝင်များနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်”ဟု ဗြိတိသျှသံရုံးအကြီးအကဲကဆိုသည်။

ဆက်လက်ပြီး “ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသားအများစုဟာ သင့်လျော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုသခွင့် မရရှိဘဲ ဆိုးရွားလှတဲ့ အခြေအနေမှာ ထိန်းသိမ်းခံထားကြရပါတယ်။ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေ ကထပ်လောင်း တောင်းဆိုလိုက်ပါတယ်” ဟု အထက်ပါသံရုံးအကြီးအကဲက ပြောသည်။

ရွေးကောက်ပွဲ ၄ကြိမ် အနိုင်ရရှိခဲ့သူ အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည်အောက်တိုဘာ ၇ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ သွေးကင်ဆာရောဂါခံစား နေရသူ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခဲ့ပြီး မတရားသဖြင့် ထောင်ဒဏ် ၂၉နှစ်ချမှတ်ထားသည်။ ရရှိသင့်သည့် လုံလောက်သော ဆေးကုသခွင့် မရရှိသဖြင့် ဒေါက်တာဇော်မြင့်မောင် ဆုံးပါးခဲ့ရခြင်းလည်းဖြစ်သည်။

အာဏာသိမ်းပြီးစဥ်ကတည်းက နိုင်ငံရေးအကျဥ်းသားစုစုပေါင်း ၂၁,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းမှာ အလွန်အကျည်းတန်ဆိုးရွားလှပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများသည် မိမိတို့ယုံကြည်ရာကို ရပ်တည်ခြင်းအတွက် ကြမ်းတမ်းဆိုးရွားလှသည့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း ဗြိတိသျှသံရုံးအကြီးအကဲက ပြောသည်။

ကနေဒါသံရုံးကလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုကြောင့် ပူဆွေးဝမ်းနည်းနေကြသည့် မြန်မာပြည်သူများနှင့်ထပ်တူ ကနေဒါနိုင်ငံက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်သည်။

မြန်မာစစ်တပ်ကို အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်နှင့် မတရားသဖြင့် လက်လွတ်စပယ် ဖမ်းဆီးထားသူများ အားလုံးကို လွှတ်ပေးရန် ကနေဒါနိုင်ငံက ထပ်မံတောင်းဆိုလိုက်သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈ အရေးတော်ပုံကြီးအပြီးတွင် မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုဌာနမှ အလုပ်ထွက်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာပြီး၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်၂၀၂၀အထွေထွေရွေးကောက်ပွဲတို့၌ အနိုင်ရခဲ့ကာ လေးထပ်ကွမ်းအမတ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသူ ဒေါက်တာဇော်မြင့်မောင်ကို ထိုစဥ်က စစ်အစိုးရက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် နှစ်ပေါင်း ၂၀ ခန့် အကျဥ်းထောင်များအတွင်း ဖြတ်သန်းခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။