“ကျွန်တော်တို့ နည်းဗျူဟာအသစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်”
— ဖိလစ်ပိုင်သမ္မတ
အီယိုရီ/People’s Spring
အာဆီယံထိပ်သီးညီလာခံပထမနေ့ အောက်တိုဘာ ၉ရက်မှာ မြန်မာ့အရေးက အဓိကဆွေးနွေးစရာအကြောင်းအရာဖြစ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အငြင်းပွားမှုကလည်း ဆွေးနွေးမှုအစီအစဥ် ထိပ်ပိုင်းမှာ ရှိနေခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။
အလှည့်ကျဥက္ကဌ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကို အာဆီယံခေါင်းဆောင်တွေ စုံစုံလင်လင်တက်ရောက်ကြပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်ကောင်စီ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်တက်ရောက်တာ တွေ့ရပါတယ်။ အာဆီယံဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးကိုတော့ တက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။
အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီက အရပ်သားအပေါ် တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချထားပြီး မဆင်မခြင်အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး လက်တွေ့ကျကျဆောင်ရွက်ဖို့ ဘက်အားလုံး(all parties)ပါဝင်ဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ ညီလာခံအလှည့်ကျဥက္ကဌ ထုတ်ပြန်ချက်မူကြမ်းအရသိရပါတယ်။ အဲဒီထုတ်ပြန်ချက်မူကြမ်းကို AFP သတင်းဌာနက မြင်တွေ့ခဲ့ရတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၂၃ထိပ်သီးညီလာခံတွေမှာ အာဆီယံတူညီဆန္ဒ ၅ရပ်ကို လျစ်လျူရှုခဲ့တဲ့ စစ်ကောင်စီကို အာဆီယံခေါင်းဆောင်တွေက ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ အဓိကကိုးကားရာအဖြစ် အဲဒီတူညီဆန္ဒ ၅ရပ်ကိုပဲ ခေါင်းဆောင်တွေက ထပ်မံ ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ မလိုက်နာတဲ့ တူညီဆန္ဒ ၅ရပ်ကို ဘယ်လိုသက်ရောက်မှုရှိအောင် လုပ်မလဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။
“ကျွန်တော်တို့ ရှေ့ဆက်နိုင်ဖို့ နည်းလမ်းတွေ ကြိုးစားရှာဖွေနေပါတယ်။ ဘာလို့လဲဆိုတော့ တကယ့်လက်တွေ့မှာ အခြေအနေကို ပြောင်းလဲဖို့ အချက် ၅ ချက်က အောင်မြင်မှုမရှိဘူးဆိုတာ ကျွန်တော်တို့ ဝန်ခံရပါမယ်”လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က သတင်းထောက်တွေကို ပြောပါတယ်။
ဆက်လက်ပြီး သူက “ကျွန်တော်တို့ နည်းဗျူဟာအသစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။ အဲဒီနည်းဗျူဟာအသစ်တွေကို အတည်မပြုရသေးဘူးလို့ သူက ထပ်ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်းဒက်ဘလန်ကူရာကလည်း ညီလာခံပထမနေ့မှာ ငြိမ်းချမ်းရေးအစီအစဥ် ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ မဆွေးနွေးခဲ့ဘူးလို့ အတည်ပြုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ထိပ်သီးညီလာခံကို ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်းမရှိဘဲ လာအိုအလှည့်ကျဥက္ကဌ တာဝန်ယူတဲ့ ဒီနှစ်မှ ပထမဆုံးအကြိမ် သူ့ရဲ့ကိုယ်စားလှယ်ကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
တချိန်တည်းမှာ မြေပြင်စစ်ပွဲတွေမှာ စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ(PDFs)ကို အကြီးအကျယ်ရှုံးနိမ့်နေချိန်လည်း ဖြစ်ပါတယ်။
တဖက်မှာလည်း အာဆီယံဟာ မြန်မာ့ပြည်တွင်းစစ်ကို ဖြေရှင်းရာမှာ လက်တွေ့တိုးတက်မှု လုပ်မပြနိုင်တာကြောင့် သူ့အဖွဲ့ဝင်နိုင်ငံတွေကပဲ အာဆီယံရဲ့စွမ်းဆောင်ရည်ကို ကာလရှည်ကြာမေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
သမားရိုးကျသံတမန်နည်းလမ်းတွေနဲ့ တိုးတက်မှုမရှိချိန်မှာ ထိုင်းနိုင်ငံက လာမယ့် ဒီဇင်ဘာမှာ အာဆီယံအဖွဲ့ဝင်တွေ ပါဝင်တဲ့ မြန်မာ့အရေးဖြေရှင်းရေး တရားဝင်မဟုတ်တဲ့တွေ့ဆုံဆွေးနွေးပွဲကို လက်ခံကျင်းပဖို့ စီစဥ်နေပါတယ်။အဲဒီဆွေးနွေးပွဲကိုတရုတ်နဲ့ အိန္ဒိယတို့လို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေလည်း တက်ရောက်ဖွယ် ရှိနေပါတယ်။
မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းတွေကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်လုပ်ဆောင်ဖို့အပြင် တရားမဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများအားလုံးကို ဖြတ်တောက်ဖို့ တောင်းဆိုထားပါတယ်။
အာဆီယံခေါင်းဆောင်တွေအနေနဲ့ စစ်အုပ်စုနှင့် စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုအားလုံးနဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်အတွက် အကူအညီပေးမှုအားလုံး အပါအဝင် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများအားလုံးကို ရပ်တန့်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCCနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူများရဲ့ကိုယ်စားပြုမှုနဲ့ တရားဝင်မှု ရှိတဲ့ ကိုယ်စား
လှယ်များ၊ အစိုးရအဖွဲ့အစည်းများကို ထိတွေ့ဆက်ဆံပြီး နိုင်ငံအရေး အထောက်အကူများ ပေးအပ်ဖို့၊ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှ ပညာရှင်ကွန်ရက်များနဲ့ ပြည်သူလူထု ဦးဆောင်တဲ့ အုပ်ချုပ်မှုယန္တရားပုံစံများ အပါအဝင် ဒေသခံပြည်သူများ ဦးဆောင်တဲ့ အရပ်ဘက်လူထု အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက တောင်းဆိုထားပါတယ်။