ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ စစ်သားနှင့် ပျူစောထီး ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးကြောင်း သတင်းရရှိသည်။
ယနေ့(အောက်တိုဘာ ၂၂ ရက်) နံနက် ၇နာရီခွဲခန့်က ညောင်ကိုင်းပျူစောထီးကျေးရွာမှ ဆိုင်ကယ် တစ်စီးဖြင့်လာသော စစ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးလုံးနေရာတွင် သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“စခနာမည်က ပေသီးတဲ့။ ပျူနာမည်က မောင်ကြီးတဲ့။ သူတို့နှစ်ကောင်က တည်သီးတောကိုလာတာကို တည်သိးတောနဲ့ ညောင်ကိုင်းကြားမှာ ဆီးပစ်တာ။ နေရာမှာတင် နှစ်ကောင်လုံး ပွဲချင်းပြီးသေတယ်။”ဟု ၎င်းက ပြောသည်။
၎င်းတို့ထံမှ MA1 တစ်လက်၊ ကျည်ဘောက် ၃ခုနှင့် အီနာဂါ ၄လုံး သိမ်းဆည်းရမိကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။
တိုက်နယ်(၂)ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက်နယ်(၃) ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီးပကဖအဖွဲ့၊ ဓားညီနောင်ပကဖအဖွဲ့)၊ တိုက်နယ်(၅) ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ၅ ရွာထက်မနည်းရှိပြီး ကာကွယ်ရေးအဖွဲ့များက မကြာခဏ သွားရောက် တိုက်ခိုက်နေသည်။