Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင် အကြီးစား​ကျောက်မျက်လုပ်ကွက်များကို မူဝါဒ​ရေးဆွဲပြီးမှသာခွင့်ပြုမည်ဟု TNLA ​ပြော

လက်ရှိတွင် အဆိုပါကျောက်မျက်လုပ်ကွက်များထိန်းချုပ်ထားသည့် TNLAက အကြီးစားကျောက်မျက်လုပ်ကွက်များကို လုပ်ကိုင်ခွင့်ပိတ်ပင်ထားပြီး ပြန်လည်ခွင့်ပြုပေးရန် မူဝါဒရေးဆွဲနေသည်ဟု ဆိုသည်။

(မိုးကုတ်မြို့ကို TNLA နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် မြို့အတွင်း ဝင်ရောက်လာစဉ် ဒေသခံပြည်သူများက ကြိုဆိုနေစဥ်။ ဓာတ်ပုံ - M H N)
(မိုးကုတ်မြို့ကို TNLA နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် မြို့အတွင်း ဝင်ရောက်လာစဉ် ဒေသခံပြည်သူများက ကြိုဆိုနေစဥ်။ ဓာတ်ပုံ - M H N)

◾️အ​သေးစားလုပ်ကွက်များကို စက်တင်ဘာကစတင် လုပ်ကိုင်ခွင့်ပြု

ဒီးဒီ၊သတိုး/People’s Spring

ကမ္ဘာပေါ်တွင် အရည်အသွေးမြင့်ပတ္တမြားများထွက်ရှိရာ မိုးကုတ်မြို့ရှိ အကြီးစားကျောက်မျက်လုပ်ကွက်များနှင့်ပတ်သက်ပြီး မူဝါဒရေးဆွဲပြီးနောက် လုပ်ကိုင်ခွင့်ပေးမည်ဟု တအာင်းတပ်မတော်(TNLA)၏ ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက People’s Springသို့ ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် TNLAက လက်ရှိတွင် အကြီးစားကျောက်မျက်လုပ်ကွက်များကို ပိတ်ပင်ကန့်သတ်ထားပြီး ဒေသခံများအတွက် အသေးစားကျောက်မျက်လုပ်ကွက်များကိုမူ ပြီးခဲ့သည့် စက်တင်ဘာကစပြီး လုပ်ကိုင်ခွင့်ပေးထားသည်ဟု TNLAက ပြောသည်။

” ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှ လက်ရှိကတော့ ကျွန်မတို့ ရင်းနှီးမြှုပ်နှံမှု အကြီးစားစီမံကိန်းတွေ ပြီးတော့ လုပ်ကွက်အကြီးစားတွေ တူးဖော်ရေးတွေကို ရပ်ဆိုင်းပိတ်ပင်ထားတဲ့ အခြေအနေဖြစ်တယ်။ လက်ရှိကတော့ ဒေသခံတွေရဲ့စားဝတ်နေရေးကို ဖြေရှင်းဖို့နဲ့ လက်လုပ်လက်စားတွေအတွက် ပြီးတော့အဆင်ပြေစေနိုင်ဖို့ အသေးစားကျောက်မျက်တူးဖော်မှုတွေကိုတော့ ကျွန်မတို့ခွင့်ပြုတာဖြစ်ပါတယ်”ဟု TNLA ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အသေးစားကျောက်မျက်တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာရမည်ဟုလည်း လွေးယေဦးက ပြောသည်။

” အခွန်ကောက်ခံမှုအပိုင်းမှာကျတော့ လုပ်ငန်းရှင်ဘက်ပေါ့။ အထူးသဖြင့် အသေးစားကျောက်မျက်တူးဖော်မှုမှာလုပ်ကိုင်‌ နေတဲ့သူတွေ သူတို့အဆင်ပြေတဲ့ နှုန်းပမာဏကိုပဲ အခွန်‌ပေးဆောင်တာဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

၁၉၉၀ နောက်ပိုင်းကစတင်ကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ စစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်သော ခရိုနီကြီးများက မိုးကုတ်ကျောက်မျက်လုပ်ကွက်များကို လက်ဝါးကြီးအုပ်လုပ်ကိုင်ခဲ့ကြသည်။ သို့သော် ၂၀၂၁တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၃နှစ်အကြာ TNLAက မိုးကုတ်မြို့သိမ်းအပြီးတွင် ၎င်းတို့လည်း ကျောက်မျက်လုပ်ပိုင်ခွင့်များ စွန့်လွှတ်ခဲ့ရသည်။

လက်ရှိတွင် အဆိုပါကျောက်မျက်လုပ်ကွက်များထိန်းချုပ်ထားသည့် TNLAက အကြီးစားကျောက်မျက်လုပ်ကွက်များကို လုပ်ကိုင်ခွင့်ပိတ်ပင်ထားပြီး ပြန်လည်ခွင့်ပြုပေးရန် မူဝါဒရေးဆွဲနေသည်ဟု ဆိုသည်။

“အထူးသဖြင့်တော့ ဒီဒေသခံတွေကို အကျိုးပြုမယ့် ကျောက်မျက်တူးဖော်မှုလုပ်ငန်းမျိုး ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးတဲ့ ပုံစံမျိုး အထူးသဖြင့်တော့ ဒေသခံတွေရဲ့အကျိုးပြုတဲ့လုပ်ငန်းဖြစ်ဖို့လိုတယ်။ အဲဒါကြောင့်မို့ အဲဒီလိုမျိုး ဆောင်ရွက်နိုင်ဖို့ ကျွန်မတို့ကစီမံကိန်းရေးဆွဲနေတာဖြစ်ပါတယ်။ပြီး‌တော့ ရေးဆွဲပြီးသွားပြီ မူဝါဒတွေချမှတ်နိုင်ပြီဆိုရင်တော့ ခွင့်ပြုမှာဖြစ်ပါတယ်”ဟု လွေးယေဦးက ပြောသည်။

သို့သော် တဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက မိုးကုတ်ကျောက်မျက်လုပ်ကွက်များနှင့်ပတ်သက်ပြီး ​ရင်းနှီးမြှပ်နှံရန် ၂၀၂၃ ဇန်နဝါရီက ဖိတ်ခေါ်ထားသည်။ မိုးကုတ်ရတနာမြေတွင် ကျောက်မျက်တူးဖော်ခွင့်အတွက် ကျောက်မျက်လုပ်ကွက် တစ်ကွက်ကို ဒေါ်လာ နှစ်သိန်းဖြင့် ၁၀နှစ်လုပ်ကိုင်ခွင့်ပြုပေးမည်ဟု ဆိုသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲကို TNLA ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)နှင့် မိုးကုတ်ဗျူဟာတပ်ရင်များနှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လ ၂၅ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အကြာ ဇူလိုင် ၂၄ရက်တွင် တစ်မြို့လုံးကို သိမ်းပိုင်နိုင်ခဲ့သည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ပြန်လည်စတင်ပြီးနောက် ဇူလိုင် ၁၀ရက်တွင် နောင်ချိုမြို့ကိုသိမ်းနိုင်ခဲ့ရာ မိုးကုတ်သည် TNLA ပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်သည့် ဒုတိယမြောက်မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။