ဒေသတွင်းမှာ ပက်ပီတိုလို့ ခေါ်ဝေါ်ကြတဲ့ မုန်တိုင်းဟာ ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ရဲ့ အရှေ့ဖက်မှာ တည်ရှိတဲ့ ကန်တန်ဒူရာနက်စ် ကျွန်းကို နိုဝင်ဘာ ၁၆ ရက်နေ့က ပထမအကြိမ်အဖြစ် ဖြတ်ကျော် ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၈ ရက် မနက်အစောပိုင်းမှာတော့ ဖိလစ်ပိုင်ရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ လူဇုန်ကိုပါ ဒုတိယမြောက်အဖြစ် ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တာပါ။
မုန်တိုင်းဟာ ကုန်းတွင်းဖြတ်ကျော် ဝင်ရောက်တဲ့အချိန် လေတိုက်နှုန်း တစ်နာရီ ၁၉၅ ကီလိုမီတာလောက်ထိ ပြင်းထန်ခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ ဖိလစ်ပိုင်မှာတော့ မုန်တိုင်းဖြတ်သန်းနိုင်တဲ့ လမ်းကြောင်းတွေမှာ နေထိုင်သူ ၁ သန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းဖို့ ကြိုတင် ကြေညာထားပြီး ဖြစ်ပါတယ်။
မန်ယီဟာ ဖိလစ်ပိုင်ကို တစ်လအတွင်း ဖြတ်သန်းတဲ့ ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်လာပါတယ်။ မန်ယီကြောင့် ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု အခြေအနေတွေကို တိတိကျကျ မသိရသေးပါဘူး။ အဲဒီမတိုင်ခင် မုန်တိုင်း ၅ ခုကြောင့် ဖိလစ်ပိုင်မှာ လူ ၁၆၀ လောက် သေဆုံးခဲ့ရပြီးပါပြီ။
မန်ယီ စူပါတိုင်ဖွန်းရဲ့ဒဏ်ကို ကန်တန်ဒူရာနက်စ် ကျွန်းမှာတော့ ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ အဲဒီတုန်းက လေတိုက်နှုန်း အပြင်းဆုံး အချိန်တွေမှာ တစ်နာရီ ၃၀၅ ကီလိုမီတာနှုန်းလောက်ထိ ရောက်ရှိခဲ့သလို ဓာတ်တိုင်တွေ ပြိုလဲတာ၊ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်တာ၊ အိမ်ခေါင်မိုးတွေ အချပ်လိုက် ကွာထွက်တာတွေကို ကြုံခဲ့ရပါတယ်။
မန်ယီကြောင့် ဖိလစ်ပိုင်နိုင်ငံ အနှံ့အပြားမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားသလို နိုဝင်ဘာ ၁၈ ရက်နေ့မှာ မိုးရေချိန် ၂၀၀ မီလီမီတာထိ ရွာသွန်းဖွယ် ရှိနေကြောင်း သိရပါတယ်။ အဲဒီ အခြေအနေဟာ လူ့အသက်အိုးအိမ်တွေကို ခြိမ်းခြောက်နိုင်အောင် ပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဉ်လို့လည်း ဖိလစ်ပိုင် အစိုးရက သတိပေးထားပါတယ်။
လူဦးရေ ၁၅ သန်းလောက် နေထိုင်ရာ မြို့တော် မနီလာကတော့ မုန်တိုင်း တိုက်ရိုက်ဖြတ်သန်းမယ့် လမ်းကြောင်းမှာ ရှိမနေဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ ဖိလစ်ပိုင်မှာ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်း၊ လူဇုန်ကျွန်းဆီ မုန်တိုင်း စတင်ချဉ်းကပ်လာချိန် ကတည်းက ဒါဇင်နဲ့ချီ များပြားတဲ့ လေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြရပါတယ်။
ဖိလစ်ပိုင်ဟာ မုန်တိုင်းတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ပျမ်းမျှ တစ်နှစ်ကို တိုင်ဖွန်းအဆင့် မုန်တိုင်း ၂၀ လောက် ဖြတ်သန်းတိုက်ခတ်လေ့ ကြုံရတတ်ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလထဲထိ တိုင်ဖွန်းတွေ ဆက်လက်ဖြစ်ပေါ်နေပြီး တစ်လတည်းနဲ့ မုန်တိုင်း ၆ ခု တိုက်ခတ်တဲ့ အခြေအနေမျိုးကတော့ မကြုံစဖူး ကိစ္စလို့ သတ်မှတ်နိုင်ပါတယ်။
အောက်တိုဘာ လကုန်ပိုင်းတုန်းကလည်း အပူပိုင်းမုန်တိုင်း ထရာမီဟာ ဖိလစ်ပိုင် မြောက်ပိုင်းမှာ ပုံမှန်ဆိုရင် တစ်လစာလောက် များပြားတဲ့ မိုးရေချိန်မျိုးကို ရက်ပိုင်းအတွင်း ရွာချစေခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ပြီး လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်ဟာ အနာဂတ်မှာ မုန်တိုင်းတွေနဲ့ ပိုပြီး အကြိမ်ရေများများ ကြုံတွေ့နိုင်ခြေ ရှိတယ်လို့လည်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ကိုးကား: CNA