▪︎စစ်ကောင်စီတပ်က Non CDMဝန်ထမ်း ၂၀၀ဦးခန့်ကို ဓါးစာခံပြုလုပ်ခုခံနေဟုဆို
အိမ်သွင်/People’s Spring
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစစ်တပ်ကုန်းတစ်ခုသာ ကျန်ရှိတော့ပြီး ယင်းနေရာတွင် စစ်ကောင်စီဝန်ထမ်း(Non CDMဝန်ထမ်း)၂၀၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဓားစားခံပြုလုပ်ထားပြီး လေကြောင်းပစ်ကူအသုံးပြု၍ ခုခံနေကြောင်း သတင်းရရှိသည်။
အင်း တော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၁ရက်တွင် ပြန်လည်စတင်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။
စစ်ကောင်စီသည်အင်းတော်မြို့မဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်း နှင့် ဂျပန်လှိုဏ်ဂူဘုရားမှနေ၍ အပြင်းအထန်ခုခံခဲ့ပြီး ယခုအခါ စစ်တပ်ကုန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦးကပြောသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက” စစ်တပ်ကုန်းပဲကျန်တာ။ အဲ့ထဲမှာ Non CDM ဝန်ထမ်းနှစ်ရာလောက်ရှိနေတယ်။ပြန်မလွှတ်ဘဲ ကာဗာလုပ်ထားတဲ့သဘောပဲ။ တိုက်ပွဲက ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ လာလာပစ်နေတယ်” ဟု ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF)နှင့် ပူးပေါင်းမဟာမိတ်တပ်များကတိုက်ခိုက်နေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များက အင်းတော်မြို့သိမ်းတိုက်ပွဲကို ပင်လည်ဘူး ၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲတို့နှင့်အတူ ဩဂုတ်လ ၁၆ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ PDF များက ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်မှာအပြီးသတ် သိမ်းပိုက်ခဲ့သည်။
ပထမအကြိမ်ထိုးစစ်တွင် အင်းတော်မြို့နယ်ရှိနဘားလမ်းဆုံစစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။ ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဂျပန်လှိုဏ်ဂူဘုရားကုန်းတွင် တပ်စွဲပြီး ဒေသခံများကိုဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်ထားရှိခဲ့သည်။ ထို့ကြောင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လ နှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး နိုဝင်ဘာ လဆန်းတွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။
အင်းတော်မြို့အနီး မော်လူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်သည်။ အင်းတော်တိုက်ပွဲပြင်းထန်နေစဉ် နိုဝင်ဘာလ ၅ရက်က မော်လူးမြို့ ဆေးရုံးကို စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှု၌ ကြီးမားသည့်ထိခိုက်မှုမရှိခဲ့ပေ။
လက်ရှိဖြစ်ပွားနေသောတိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကိုမူမသိရှိရသေးပေ။ တိုက်ပွဲကြောင့် အင်းတော် – ကသာလမ်းပိုင်းနှင့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။
အင်းတော်မြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၇၇) လက်အောက်ခံတပ်များ နှင့် ရှမ်းနီတပ်(SNA)တို့က ပူးပေါင်းခုခံနေခြင်းဖြစ်သည်ဟုသတင်းရရှိသည်။