Connect with us

Hi, what are you looking for?

သတင်း

ပုဂံမြို့ မြင်းကပါရွာအနီးတွေ့သည့် ရှေးဟောင်းရတနာများ စစ်ကောင်စီလက်အတွင်းအစအနပျောက်နေဟု ဒေသခံများပြော

ရွှေသံလျက်၊ ရွှေစလွယ်၊ရွှေဘယက်နှင့် ရွှေဆင်းတုတော်များအပြင် လက်ဝတ်ရတနာအများအပြားကို အိုးလိုက်တွေ့ရှိခြင်းဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ပုဂံမြို့ မြင်းကပါရွာအနီးတွေ့သည့် ရှေးဟောင်းရတနာများ စစ်ကောင်စီလက်အတွင်းအစအနပျောက်နေဟု ဒေသခံများပြော
ပုဂံမြို့ မြင်းကပါရွာအနီးတွေ့သည့် ရှေးဟောင်းရတနာများ စစ်ကောင်စီလက်အတွင်းအစအနပျောက်နေဟု ဒေသခံများပြော

အိမ်သွင်/People’s Spring

ပုဂံရှေးဟောင်းနယ်မြေ မြင်းကပါကျေးရွာအနီးတွင် အဆောက်အအုံဆောက်လုပ်ရန် မြေတူးရာမှ အလေးချိန် ၅ပိသာခန့်ရှိသည့် ရွှေဆင်းတုတော် အပါအဝင် လက်ဝတ်ရတနာများ တွေ့ရှိခဲ့ပြီး စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က သိမ်းယူသွားပြီး ပစ္စည်းတချို့မှာ အစအနပျောက်နေသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က မြင်းကပါကျေးရွာ အရှေ့ဖက် တနေရာ၌ ပုဂ္ဂလိကပိုင်အဆောက်အအုံဆောက်လုပ်ရန် မြေကျင်းတူးစဉ် အမျိုးအစားစုံသည့် ရှေးဟောင်းရတနာပစ္စည်းအများအပြားကို ပန်းရံလုပ်သားများက စတင်တွေ့ရှိခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေသံလျက်၊ ရွှေစလွယ်၊ရွှေဘယက်နှင့် ရွှေဆင်းတုတော်များအပြင် လက်ဝတ်ရတနာအများအပြားကို အိုးလိုက်တွေ့ရှိခြင်းဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စတင်တွေ့ရှိသည့် ပန်းရံဆရာနှင့် ဆောက်လုပ်ရေး ကန်ထရိုက်သည် ဝေစုခွဲရာ အဝေမတည့်ဖြစ်ရာမှ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ထံ သတင်းပေါက်ကြားသွားပြီးနောက် ကန်ထရိုက် အပါအဝင် ပါဝင်ပတ်သက်သူအချို့ဖမ်းဆီးခံထားရပြီး တွေ့ရှိသည့်ရှေးဟောင်းပစ္စည်းများအားလုံးလည်း သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။

” တွေ့တဲ့ဟာတွေကို အရည်ကြိုပစ်ပြီး ဝေစုခွဲတာ။ မသင့်မြတ်ကြတော့ ရဲကိုသွားတိုင်တာက‌နေ မီးခိုးကြွက်လျှောက်ဖြစ်ကုန်တာ။ ကန်ထရိုက်တာလည်း ပြေးနေရပြီ။ ဆယ်ဦးထက်မနည်းအဖမ်းခံထားရတယ်”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများ၏ စာရင်းကို အတိအကျမသိရသေးပဲ သိန်းပေါင်းသောင်းချီတန်ကြေးရှိသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ရှေးဟောင်းပစ္စည်းများအား အရည်ကြိုစဉ် ၅ပိဿာခန့်ရှိ ရွှေဆင်းတုတစ်ဆူကို အရည်မကြိုဘဲ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ထားသည်ကို စစ်ကောင်စီက လာရောက်သိမ်းဆည်းသွားသည်ဟု သတင်းရရှိသည်။

“စစ်တပ်နဲ့ရဲက လာသိမ်းသွားပြီး အခု အဲ့ဆင်းတုက ရဲစခန်းမှုခင်းမှတ်တမ်းမှာရော သက်သေခံ ပစ္စည်းထိန်းသိမ်းရေးဌာနမှာရော ရှိမနေဘူး။ ပျောက်နေတယ်”ဟု ပုဂံမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တွေ့သည့်ပစ္စည်းစာရင်းများအရ ရှေ့ခေတ်ဘုရင်များလက်ထက် သင်္ချိုင်းရာဖြစ်ဖို့များပြီး ဘုရင့် အသုံးဆောင်များဖြစ်နိုင်သည်ဟု ရှေးဟောင်းသုဒေသနပညာရှင်တစ်ဦးကမှတ်ချက်ပြုရေးသားထားသည်။

“ရှေးပစ္စည်းတွေရတယ်ဆိုတဲ့ သတင်းကလာလာပေးကြပေမယ့် သစ်သားဆင်းတု၊ ကြေးဆင်းတုလောက်ဖဲ ထင်ထားတာ။ ခုလို သိန်းသောင်းချီတန်တဲ့ ရွှေထည်တွေတွေ့လိမ့်မယ်လို့ ထင်မထားမိတာတော့ အမှန်ပါဘဲ။ ခုလို ဖုံးမရဖိမရဖြစ်လာတာကလည်း တန်ဖိုးကြီး၊ ပစ္စည်းအရည် အတွက်များလို့ဆိုတာ သေချာတယ်”ဟု အဆိုပါပညာရှင်က သုံးသပ်ထားသည်။

ပုဂံမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာကလည်း မိုးသည်းထန်စွာရာသွန်းပြီး အေဒီ ၁၂ ရာစုနှင့် ၁၃ ရာစု လက်ရာ ရွှေစည်းခုံ၊ သဗ္ဗုညု အပါအဝင် စေတီပုထိုးနှင့် ရှေးဟောင်းအဆောက်အဦး ၁၂ခု ထိခိုက်ပျက်စီးခဲ့သည်။ ထိုစဉ်ကလည်း ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ် အပတ်စဉ်အတူတက်ခဲ့သည့် လက်ရှိသာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဦးတင်ဦးလွင်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းတို့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ရေစီးရေလာကောင်းမွန်ရေးဟုအကြောင်းပြကာ ရေမြောင်းများတူးဖော်နေခြင်းမှာ ရှေးဟောင်းပစ္စည်းများရှာဖွေခြင်းဟု ဝေဖန်ခံခဲ့ရသည်။

ယဉ်ကျေးမှုအမွေအနှစ် အပေါ် ထိခိုက်မှု ရှိ၊မရှိ လေ့လာဆန်းစစ် ချက် (HIA)မပြုဘဲ လုပ်ဆောင်သည့်အတွက် ရှင်းလင်းရန်ထုချေလွှာတင်ရန် စစ်ကောင်စီယဉ်ကျေးမှုဝန်ကြီးဌာနသို့ ယူနက်စကိုအဖွဲ့က တောင်းဆိုခဲ့သည်။

ဦးကျော်မျိုးဝင်းသည် ပြီးခဲ့သည့်စက်တင်ဘာလတွင် ဌာနပြောင်းရွှေ့သွားပြီဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော မြင်းကပါရွာအနီးတွင် တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများများနှင့်ပတ်သက်၍ စစ်ကောင်စီက ရှင်းရှင်းလင်းလင်းသတင်းမထုတ်ပြန်သေးဘဲ ဒေသခံများကစောင့်ကြည့်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook