Connect with us

Hi, what are you looking for?

သတင်း

တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု NUG ကတိပြု

တချိန်တည်းတွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်လာသည်ဟု NUG ပြောခွင့်ရက ဆိုသည်။

တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု NUG ကတိပြု
တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု NUG ကတိပြု

▪️“Joint Venture Security Company ကို မင်းအောင်လှိုင်စစ်အုပ်စုနဲ့အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူး ဆိုတာကို ထောက်ပြ ပြောကြားချင်ပါတယ်” – NUG သမ္မတရုံးပြောခွင့်ရ

အီယိုရီ/People’s Spring

တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိ ဦးကျော်ဇော်က ထပ်လောင်းပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ထုတ်ပြန်ကြေညာထားသော တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအရလည်းကောင်း၊ စစ်ရေးဆိုင်ရာ စစ်သည်တော်ကျင့်ဝတ်(Military code of conduct)အရလည်းကောင်း၊ ပြဌာန်းထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒအရလည်းကောင်း တရားဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ယနေ့(နိုဝင်ဘာ ၂၆ရက်)ပြောသည်။

“ပြောထားတဲ့အတိုင်း ကျနော်တို့အကာအကွယ်တွေပေးနေတယ်၊ စောင့်ရှောက်ပေးနေတယ်ဆိုတာလည်း မြေပြင်မှာ သက်သေပြနေပါတယ်” ဟု ဦးကျော်ဇော်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဥ်မှတဆင့် ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် တရုတ်နိုင်ငံနှင့် မြန်မာအကြမ်းဖက်စစ်ကောင်စီတို့သည် Joint Venture Security Company တည်ထောင်ရန် သဘောတူညီချက်ရရှိထားကြောင်း သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ စစ်ကောင်စီလုပ်ရပ်ကြောင့် အကြမ်းဖက်မှုများ၊ မတည်မငြိမ်မှုများ ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားများ၊ တရုတ်နိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်နေသည်ကို NUG က နားလည်သဘောပေါက်ကြောင်း ဆိုသည်။

စစ်ရေးပစ်မှတ်မဟုတ်သည့် စီးပွားရေးဆိုင်ရာ အဆောက်အဦးများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခြင်းပြုမည်မဟုတ်သည်ကို အတိအလင်းကြေညာထားကြောင်း NUG သမ္မတရုံးပြောခွင့်ရက ထပ်မံအသိပေးသည်။

နိုင်ငံ၏ တည်ငြိမ်မှုကို ဖျက်စီးပြီး ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေသော ရာဇဝတ်သားမင်းအောင်လှိုင်ခေါင်းဆောင်သော စစ်အုပ်စုသည် တရုတ်နိုင်ငံရင်းနှင်းမြုပ်နှံမှုအကျိုးစီးပွါးများ၊ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်မှု မရှိသည့်အပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ၊ ၎င်းတို့ lobby(ဝါဒဖြန့်ချိသူ)များ၏ လှုံ့ဆော်မှုများမှာ တရုတ်နိုင်ငံ၏ အကျိုးစီးပွါးများနှင့် တရုတ်နိုင်ငံသားများကို တိုက်ရိုက်ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဦးကျော်ဇော်က ထောက်ပြသည်။

“ဒါကြောင့် Joint Venture Security Company ကို မင်းအောင်လှိုင်စစ်အုပ်စုနဲ့အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူး ဆိုတာကို ထောက်ပြ ပြောကြားချင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် မြန်မာပြည်သူလူထုနှင့် တသားထဲရပ်တည်နေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲဆောင်ရွက်ခြင်းမှုသည်သာ တရုတ်နိုင်ငံ ရင်းနှီးမြုပ်နှံထားသော အကျိုးစီးပွားများနှင့် လုပ်ငန်း လည်ပတ်မှုများကို ထိထိ‌ရောက်ရောက် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတည်ငြိမ်မှုရရှိရန်၊ ရင်းနှီုးမြှုပ်နှံမှုစီမံကိန်းများ၏ လုံခြုံမှုအတွက် အာမခံချက်ရရှိရန်အတွက် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသော နိုင်ငံရေးအဖြေရပြီး အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း ဦးကျော်ဇော်က ရှင်းလင်းသည်။

အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုအမြန်ရပြီး ဒေသလုံခြုံမှုနှင့်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည့်နိုင်ငံ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။

တချိန်တည်းတွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်လာသည်ဟု NUG ပြောခွင့်ရက ဆိုသည်။

“အာရှမှာ မြန်မာစစ်အုပ်စုက ပြည်တွင်းအကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုတွေကတဆင့် ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေသလို ဥရောပတိုက်မှာ ဆိုရင်လည်း ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခြင်းဖြင့် ဒေသတွင်းလုံခြုံရေးခြိမ်းခြောက်နေပါတယ်။ ကျနော်တို့အနေနဲ့ ဒီလုပ်ရပ်တွေကိုပြင်းပြင်းထန်ထန် ရူတ်ချပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။

အကြမ်းဖက်စစ်အုပ်စုသည် သမိုင်းတလျှောက် မကြုံဖူးအောင် ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာနေချိန်တွင် ရုရှားနှင့် နိုင်ငံတချို့၏ ပံ့ပိုးမှုဖြင့် အရပ်သားပြည်သူလူထုကိုလေကြောင်းမှ အရှိန်အဟုန်မြှင့်တိုက်ခိုက်လာနေကြောင်းနှင့် ၂၀၂၄ အောက်တိုဘာအထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၂,၆၄၈ ကြိမ်ရှိကြောင်း NUG ပြောခွင့်ရက ပြောသည်။ ၂၀၂၂ ခုနှစ် တစ်နှစ်တာ လေကြောင်းတိုက်ခိုက်မှု ၄၀၄ကြိမ်၊ ၂၀၂၃ ခုနှစ် တစ်နှစ်တာ လေကြောင်းတိုက်ခိုက်မှု ၁,၁၆၀ ရှိခဲ့ကြောင်း NUG က မှတ်တမ်းတင်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။