စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်မှပြန်လာပြီးနောက် လားရှိုးကို လေကြောင်းမှပြန်လည်တိုက်ခိုက်ခြင်းဖြစ်
ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် နောင်ချိုမြို့နယ်ကို လေကြောင်း၊လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့က အသိပေးထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၄ရက် ညပိုင်းက စစ်ကောင်စီသည် လားရှိုးမြို့နယ် နမ့်ပေါင်ရွာနှင့် သံလွင် စံပြကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်များပေါ်သို့ လေကြောင်းမှ ပေါင် ၅၀၀ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု MNDAAက အသိပေးသည်။
စစ်ကောင်စီသည် နိုဝင်ဘာပထမပတ်က လားရှိုးမြို့ မယ်ဟန်ဒေသကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် လားရှိုးမြို့ကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ ငြိမ်သက်နေရာ နိုဝင်ဘာ ၂၄ရက်တွင် တိုက်ခိုက်မှု ပြန်လုပ်လာခြင်းဖြစ်သည်။ စက်တင်ဘာနှင့် အောက်တိုဘာအတွင်းက လားရှိုးကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာ ၁၀ရက်တွင် တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လာပြီးနောက် TNLA ထိန်းချုပ်ရာ ကွတ်ခိုင်၊နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့ မြို့များကို လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့သော်လည်း လားရှိုးကို တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ နိုဝင်ဘာ ၂၄ရက်တွင် လေကြောင်း တိုက်ခိုက်မှု ပြန်လုပ်လာခြင်းဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွင် ဒဏ်ရာရသူ ၃ဦးအနက် (၆)နှစ်အရွယ် ကလေးငယ်နှင့် ၎င်း၏ မိဘနှစ်ဦးတို့ ဖြစ်သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဖော်ပြသည်။
“မိသားစုတစ်စုလုံးဒဏ်ရာရရှိခဲ့ကြပြီး ဖခင်ဖြစ်သူရဲ့ဦးခေါင်းဒဏ်ရာကပြင်းထန်သောကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။မိခင်ဖြစ်သူမှာခြေထောက်နဲ့ခေါင်းတွင်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီးပေါက်ကွဲသံကြောင့် နားတစ်ဖက်ကောင်းစွာမကြားရတော့ကြောင်းသိရှိရပါတယ်။ အသက်ခြောက်နှစ်အရွယ် ကလေးငယ်မှာမျက်နှာနှင့်ညာဘက်ဝမ်းဗိုက်၊ပေါင်ထိပ်နားဒဏ်ရာရရှိခဲ့ပြီး များစွာထိတ်လန့်တုန်လှုပ်နေတယ်လို့လဲ သိရှိရပါတယ်။”ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။
ထို့အပြင် နိုဝင်ဘာ ၂၄ရက် ညပိုင်းကလည်း နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် တစ်ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ နှစ်ဦး ထိမှန်ဒဏ်ရာခဲ့သည်ဟု TNLAက ယနေ့(နိုတင်ဘာ ၂၆ရက်)တွင် ထုတ်ပြန်သည်။
နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၁ရက်နေ့မှ ၂၅ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၁၈ဦး သေဆုံးပြီး ၃၄)ဥး ဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း TNLAက ထပ်လောင်း သတိပေးသည်။ ထို့အပြင် လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။