Connect with us

Hi, what are you looking for?

သတင်း

စစ်ရာဇဝတ်တရားခံမင်းအောင်လှိုင်နှင့်အတူ ရှေ့ဆက်မလား စစ်ကောင်စီဝင်များ စဉ်းစားဆုံးဖြတ်ချိန်ရောက်ပြီဟု NUGပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

(NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၂၀၂၂ ဇွန်လအတွင်းက ရှေ့တန်းစစ်စခန်းတစ်ခုသို့ သွားရောက်ပြီး PDF ရဲဘော်များအား တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)
(NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၂၀၂၂ ဇွန်လအတွင်းက ရှေ့တန်းစစ်စခန်းတစ်ခုသို့ သွားရောက်ပြီး PDF ရဲဘော်များအား တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)

ဟန်နွေ/People’s Spring

စစ်တပ်အတွင်းရှိ တပ်မတော်သားများအားလုံးအနေဖြင့် စစ်ရာဇဝတ်တရားခံနှင့်အတူ ရှေ့ဆက်မလား၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံးဆုံးဖြတ်ချက်များ ချမလားဆိုသည်ကို သေချာစွာ စဉ်းစားကြရတော့မည့်အချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

“နောက်ဆုံးအချက်ပေး ခေါင်း‌လောင်းထိုးနေတဲ့ အချိန်ဖြစ်ကြောင်း သတိပေးပြောကြားလိုတာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မင်းအောင်လှိုင်နှင့် ရှေ့ဆက်ခြင်းပြုမပြု၊ ပြည်သူ့တော်လှန်ရေးဘက် ရပ်တည်ခြင်းပြုမပြု စဉ်းစားရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သတိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရ အဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၃ရက်က ကျင်းပစဉ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)မှ တရားလို ရှေ့နေတစ်ဦးက ဖမ်းဝရမ်းထုတ်ရန်လျှောက်ထားသည့် အခြေအနေကို ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားစဉ် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအင်အားစုတွေအတွက်တော့ ယိုင်နဲ့နေတဲ့ စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုလှုပ်ရှားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

နိုဝင်ဘာ ၃၀ရက်က မဟာမိတ်တိုင်းရင်းသားများနှင့် NUGတို့ အတူတကွ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်မှုသည် ကောင်းမွန်ပြီး ကြေညာချက်မှာ ဖော်ပြသကဲ့သို့ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ ရှိခဲ့သော်လည်း ဖမ်း၀ရမ်း ထုတ်ရန် လျှောက်ထားခံရမှုမရှိဘဲ ယခု မင်းအောင်လှိုင်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်အမြဲပြောခဲ့သလို ဒီတော်လှန်ရေးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ပြီး အခြေတည်လာခဲ့ကြတဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်း ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့ အနီးဆုံးဖြစ်နေပြီဆိုတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ယနေ့အချိန်ထိ မိုက်တွင်းနက်ထဲ နေနေကြတဲ့ စစ်တပ်အတွင်းက တပ်မတော်သားတွေ အကုန်လုံးလည်း စစ်ရာဇဝတ်တရားခံနဲ့ အတူရှေ့ ဆက်မလား၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမလားဆိုတာ သေသေချာချာ စဥ်းစားကြရတော့မယ့် အချိန်ဖြစ်ပြီး၊ နောက်ဆုံးအချက်ပေး ခေါင်း‌လောင်းထိုးနေတဲ့ အချိန်ဖြစ်ကြောင်း သတိပေးပြောကြားလိုတာ ဖြစ်ပါတယ်”ဟုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် စစ်ကောင်စီကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲ ကိစ္စနှင့်ပတ်သက်ပြီးလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ရာ နဂိုတည်းက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးပမ်းနေသည့် ပြည်သူကို ရန်သူသဖွယ်အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားဝင်မှု လုံး၀မရှိကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

“ဒီလိုမျိုး ရာဇဝတ်မှုတရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရမယ့် အကြမ်းဖက်စစ်ခေါင်းဆောင်က ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်း အမျိုးမျိုးနဲ့ ထောက်ပံ့ကူညီဖို့ လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ အင်မတန် သတိထားကြရမယ့် အခြေအနေဖြစ်လာပြီလို့ ပြောကြားလိုပါတယ်”ဟုလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

အိမ်နီးချင်း ဖြစ်သည့် အင်အားကြီးတရုတ်နိုင်ငံသည် မင်းအောင်လှိုင် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားထားပြီး စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်က ကျရှုံးနေသည့် စစ်အာဏာရှင် မင်းအောင်လှိုင်နှင့်အဖွဲ့ အသက်ဆက်နိုင်ရေး ထောက်ပံ့ကူညီမှုများ ပေးနေသည့်နိုင်ငံဖြစ်သည်။

ထိုသို့ ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။