Connect with us

Hi, what are you looking for?

သတင်း

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိတာဝန်များအတိုင်း ဆက်လက်ခန့်အပ်ကြောင်း ကုလညီလာခံ အတည်ပြု

Credentials Committee သည် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ ကိုယ်စားလှယ် အငြင်းပွားမှုကို မဲခွဲခြင်းမရှိဘဲ လက်ရှိတာဝန်ယူနေသူ ဆက်လက်တာဝန်ယူစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

(ကုလသမဂ္ဂအစည်းအ​ဝေးတစ်ခုတွင် ဦး​ကျော်မိုးထွန်းမိန့်ခွန်း​ပြောကြားစဥ်)
(ကုလသမဂ္ဂအစည်းအ​ဝေးတစ်ခုတွင် ဦး​ကျော်မိုးထွန်းမိန့်ခွန်း​ပြောကြားစဥ်)

-“ပြည်သူ့တော်လှန်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဆက်လက်ပြီး အားတအားဆက်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတစ်ခုပါပဲ” – ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း

အီယိုရီ/People’s Spring

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိတာဝန်များအတိုင်း ဆက်လက်ခန့်အပ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက အတည်ပြုခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင် ၉နိုင်ငံပါဝင်သော Credentials Committee က မြန်မာနိုင်ငံကိုယ်စားပြုခွင့်နှင့်ပတ်သက်၍ မတူညီသော ဆက်သွယ်မှုနှစ်ခုရှိမှုအပေါ် စဥ်းစားဆုံးဖြတ်ခြင်း မပြုဘဲ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ အဓိပ္ပာယ်မှာ အာဏာသိမ်းစစ်ကောင်စီ၏ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့်ရရှိရန် ကြိုးပမ်းမှုကို ပယ်ချပြီး လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ မြန်မာပြည်သူလူထုအား ကိုယ်စားပြုသော သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခြင်းဖြစ်သည်။

Credentials Committee သည် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ ကိုယ်စားလှယ် အငြင်းပွားမှုကို မဲခွဲခြင်းမရှိဘဲ လက်ရှိတာဝန်ယူနေသူ ဆက်လက်တာဝန်ယူစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီရဲ့ ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက်တားဆီးနိုင်သလို ပြည်သူတို့ရဲ့ အသံ၊ ဆန္ဒတွေကို ဒီ UN ကတဆင့် ဆက်ပြုလုပ်ရနေမှာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ပြည်သူ့တော်လှန်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဆက်လက်ပြီး အားတအားဆက်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတစ်ခုပါပဲ” ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးသို့ ပြောသည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးကျော်မိုးထွန်းသည် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကာ အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆက်စပ်အစည်းအဝေးများမှတဆင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာက သိရှိအောင် စဥ်ဆက်မပြတ် ရှင်းလင်းအစီရင်ခံခဲ့သူဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ လက်နက်အားကိုး အဓမ္မအာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်ကာ ပြည်သူများနှင့်အတူ ရပ်တည်သော သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဖယ်ရှားရန် ၂၀၂၁ ကတည်းက သံတမန်နည်းလမ်းဖြင့်သာမက လုပ်ကြံသတ်ဖြတ်ရန် နည်းလမ်းကိုလည်း သုံးခဲ့သည်။ စစ်အုပ်စု၏ ကောက်ကျစ်စဥ်းလဲသော နည်းလမ်းများ ကျရှုံးခဲ့ပြီး Credentials Committee သို့ ကိုယ်စားလှယ်အပြိုင်တင်သွင်းမှုသည်လည်း ယခုအချိန်အထိ မအောင်မြင်ခဲ့ပေ။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နှင့် ယခု ၂၀၂၄ ခုနှစ်တို့တွင် လေးနှစ်ဆက်တိုက် ကုလသမဂ္ဂ ဌာနချုပ်၌ ကိုယ်စားပြုခွင့်ရရှိရန် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ကြိုးပမ်းခဲ့သော်လည်း Credentials Committee က အရပ်သားအစိုးရလက်ထက်ကတည်းက ခန့်အပ်တာဝန်ပေးခဲ့သော သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကိုယ်စားပြုမှုကိုသာ လက်ခံအတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

“သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်တည်ရှိရေးက မြန်မာပြည်အတွက် အထူးအရေးကြီးတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တော်လှန်ရေးအတွက်ပေါ့။ အားလည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ငြင်းပယ်ပြီး လက်ရှိအနေအထားအတိုင်း သံအမတ်ကြီးကို ဆက်လက်ထားရှိရေး သဘောတူတယ်ဆိုတာက စစ်ကောင်စီရဲ့တရားဝင်မှုကို ငြင်းပယ်တာနဲ့ အ

တူတူပါပဲ။ နိုင်ငံရေးအရလည်း ခွန်အားဖြစ်ရပါတယ်” ဟု အမျိုးသမီးမဟာမိတ်အဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ခင်လေးက မှတ်ချက်ပြုသည်။ ၎င်းသည် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေး အမေရိကန်အခြေစိုက် Credential Challenge Campaign များ၌ ပါဝင်လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။

ယခုနှစ်တွင် ကုလသမဂ္ဂ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက် ကိုယ်စားပြုခွင့်ရရှိရန် ပြည်တွင်းနှင့် နိုင်ငံတကာရောက်မြန်မာများက ‘Our Ambassador Myanmar’s Voice’ ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ဒီဇင်ဘာ ၃ ရက်အထိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “Our Ambassador Myanmar’s Voice” စာသားကိုင်ဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း လှုံ့ဆော်ဆန္ဒပြခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးက သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်အတည်ပြုခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာပြည်သူများ၏ အောင်ပွဲတစ်ခုဟု ဂုဏ်ပြုရေးသားသည်။

“ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူကချစ်တဲ့၊ ပြည်သူ့ကိုချစ်တဲ့ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ယခုတာဝန်အတိုင်း နောက်ထပ် (၁)နှစ် ဆက်လက် တာဝန်ထမ်းဆောင်ဖို့ အထွေထွေညီလာခံက မဲမခွဲဘဲ ဆုံးဖြတ် လိုက်ပါပြီ။ အကြမ်းဖက်စစ်အုပ်စုက ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီးနိုင်ခဲ့ပြန်ပါပြီ” ဟုဦးအောင်မျိုးမင်းက ၎င်း၏ဖေ့စ််ဘုတ်တွင်​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ရဲ့ ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီး နိုင်သလို ပြည်သူတို့ရဲ့ အသံ၊ ဆန္ဒတွေကို ဒီ UN က တဆင့် ဆက်ပြုလုပ်ရနေမှာ ဖြစ်တဲ့အတွက်ဝမ်းသာပါတယ်။

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုသည်။

သတင်း

နိုင်ငံတကာအနေဖြင့် ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (အောက်တိုဘာ ၂၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။