မိထက်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့နယ် နမ့်ကွတ်ကျေးရွာခံများ၏ ကြံစိုက်ခင်းအချို့ကို လူစိမ်းအမျိုးသားတစ်ဦးက မီးရှိုးဖျက်ဆီးနေ၍ ဒေသခံများက ဝိုင်းဖမ်းဆီးခဲ့သည်။
အကြောင်းရင်းမသိရဘဲ ကြံစိုက်ခင်းများ မီးလောင်သည်ကို ဒေသခံများက ဝိုင်းဝန်းစုံစမ်းစဉ် ကြံစိုက်ခင်းတစ်ခုအတွင်း ပုန်းအောင်းနေသည့် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
” အဲ့လူက ရူးတယ်လို့ ပြောတာပဲဗျာ။ ဒါပေမယ့် သူ့လုပ်ရပ်က အရူးလုပ်ရပ်မှ မဟုတ်တာ။ ကြံခင်းတွေထဲ နှစ်ရက်၊ သုံးရက်ပုန်းနေပြီး မီးလိုက် ရှို့နေတာ။ ကြံခင်းရှင်တွေ တော်တော် ဆုံးရှုံးတယ်”ဟု ညောင်ရွှေဒေသခံတစ်ဦးက ပြောသည်။
ကြံးခင်းများမီးလောင်မှုမှာ ဒီဇင်ဘာ ၁၂ရက်က စတင်ဖြစ်ပွားခဲ့ပြီး မီးရှို့သူကို ယနေ့ (ဒီဇင်ဘာ ၁၄ရက်) နံနက်တွင် ဖမ်းမိခြင်းဖြစ်သည်။
ဒေသခံသုံးဦးပိုင် ကြံခင်း ဆယ်ဧကနီးပါး မီးလောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
အခြားကြံခင်းများအား မီးဆက်မကူးစေရေးအတွက် စက်ယန္တရားအကူအညီဖြင့် မီးလမ်းဖြတ်တောက်ခဲ့ရသောကြောင့် စိုက်ခင်းအချို့ထပ်မံပျက်စီးခဲ့သည်ဟု ဆိုသည်။
ကြံစျေးကွက်မှာ တစ်တန်လျှင် ကျပ်၂သိန်းပေါက်ဈေးရှိသည်။ တစ်ဧကလျှင် ကြံတန်ချိန် ၃၅၀နီးပါး ထွက်သည်။ ထို့ကြောင့် ယခု မီးလောင်မှုတွင် ဒေသခံတောင်သူများသည် ကျပ်သိန်း ၇၀၀ခန့် ဆုံးရှုံးခဲ့သည်။
ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးလိုက်သည့် အမျိုးသားကို ရဲစခန်းသို့ပို့ဆောင်ထားသည်။
နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။