ရှိန်း/People’s Spring
မတ္တရာမြို့နယ်ကိုစစ်တပ်က အကုန်ပြာပုံဖြစ်စေရမယ်လို့ခြိမ်းခြောက်ထားပြီး ရွာတွေကိုနေ့တိုင်းမီးရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။
“တနယ်လုံးပြာပုံပဲကျန်စေရမယ်လို့လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ကကြိမ်းထားတယ်လို့ပြောတယ်။အခုကတော့နေ့တိုင်းရှို့နေတာပဲ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
နိုဝင်ဘာလအတွင်းကမတ္တရာမြို့နယ်အနောက်ခြမ်းကိုစစ်တပ်ကပြန်လည်သိမ်းယူခဲ့ပြီးနောက်မှာ ကျေးရွာတွေက ပြည်သူတွေရဲ့အိမ်မွေးတိရစ္ဆာန်နဲ့အိမ်သုံးပစ္စည်းတွေကိုစစ်သားတွေက ခိုးယူနေကာ ကျေးရွာတွေဆက်တိုက်ကိုမီးရှို့နေတာလို့သိရပါတယ်။
ဒီဇင်ဘာလ၈ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိ မြွေပုသိမ်၊မြွေသစ်တောရုံး၊ဥဒိန်၊စိန်ပန်းကုန်း၊ဆင်ကုန်း၊ပိုဝမြောက်ရွာတို့ကိုမီးရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။
“ဥဒိန်ရွာဆို ဒီလထဲတင်၅ခါရှိပြီ။ဒီနေ့မြွေပုသိမ်ရွာကိုထပ်ရှို့နေတယ်။ဘယ်သူမှရွာထဲပြန်ဝင်မကြည့်ရဲတော့ ကုန်ပြီလားမသိဘူး”လို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။
မတ္တရာမြို့နယ်အနောက်ခြမ်းက ဥဒိန်၊စိန်ပန်းကုန်း၊ဇလ၊အောက်တောင်ကိုင်း၊သဖန်းထောင့်၊ငယ်တိုး၊သုံးဆယ်ပေးစတဲ့ရွာတွေကိုစစ်တပ်ကအထိုင်ချပြီး မတ္တရာမြို့ထဲကတပ်တွေနဲ့ပေါင်းကာ ပစ္စည်းခိုးယူမီးရှို့တာတွေပြုလုပ်နေတာပါ။
ယခင်က ဒေသခံကာကွယ်ရေးတပ်တွေ နဲ့ ပကဖ တွေ စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းကရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံကာကွယ်ရေးတပ်တွေပြန်ဆုတ်ပေးခဲ့ရပါတယ် ။
မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ် စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့အတွက် ဒေသခံပြည်သူတွေ ရှောင်တိမ်းနေရတဲ့ကျေးရွာလည်း ၂၀ နီးပါးရှိတယ်လို့သိရပါတယ်။
မတ္တရာမြို့နယ် အရှေ့ခြမ်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က စစ်စခန်းပေါင်း ၄၀ နီးပါးကို သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ ။မတ္တရာအရှေ့ခြမ်းကို စစ်ကြောင်းထိုးတဲ့စစ်သားတွေကို မန္တလေးPDF အကြိမ်ကြိမ်လန်ကျသွားအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ် ။
ဒါအပြင် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ရွာတွေထဲက ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နဲ့ ထိန်ပင်စောက်ကျေးရွာတွေက စစ်ကောင်စီတပ်ကို မန္တလေးPDF ကထိုးစစ်ဆင်တိုက်ခိုက်ပြီးအပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့မန္တလေးPDF ကထုတ်ပြန်ထားပါတယ် ။