တာရာ/People’s Spring
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်ကြွေးမြီပမာဏမြင့်တက်လာပြီး အရပ်သားအစိုးရလက်ထက်ထက် ၅၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် ၂၀၂၄-၂၅ ရသုံးမှန်းချေငွေစာရင်းတွင် ဖော်ပြထားသည်။
စစ်တပ်အာဏာမသိမ်းခင်း အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်း/ပြည်ပသို့ပေးဆပ်ရမည့် ကြွေးမြီပမာဏမှ ကျပ်ဘီလီယံ ၄၇,၀၀၀ ကျော်သာရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း/ပြည်ပသို့ပေးဆပ်ရမည့် ကြွေးမြီ ကျပ် ဘီလီယံ ၇၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်ဟု အဆိုပါစာရင်းများတွင်ဖော်ပြထားသည်။
ထိုကြွေးမြီများအနက် ပြည်တွင်းကို ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီမှာ အများဆုံးဖြစ်ပြီး ကျပ်ဘီလီယံ ၅၀,၀၀၀ ခန့်ရှိသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပြည်တွင်းကို ပြန်လည်ပေးဆပ်ရမည့် အကြွေးမှာ စံချိန်တင်မြင့်တက်လာခြင်းဖြစ်သည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
အာဏာမသိမ်းခင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီမှာ ကျပ်ဘီလီယံ ၃၀,၀၀၀ ကျော်သာရှိခဲ့သည်။
ပြည်ပကို ပေးဆပ်ရမည့် ကြွေးမြီမှာ ကျပ်ဘီလီယံ ၂၁,၀၀၀ရှိပြီး အာဏာမသိမ်းခင်ကာလနှင့်နှိုင်းယှဉ်ပါက နှစ်ဆနီးပါး ကျပ် ဘီလီယံ ၄,၀၀၀ မြင့်တက်လာခြင်းဖြစ်သည်။
“အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ပြည်တွင်းမှာ ငွေတိုက်စာချုပ်ရောင်းတာမျိုးနဲ့ ဘတ်ဂျတ်လိုငွေကို ဖြည့်တင်းခဲ့တာများတယ်။ ပြည်ပက ချေးငွေလည်း ထင်သလောက်မရခဲ့ဘူး။”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုကြွေးမြီပမာဏသည် နိုင်ငံတော်ဂျီဒီပီနှင့်အချိုး ၅၀ ရာခိုင်နှုန်းရှိသည်ဟုလည်း စစ်ကောင်စီကထုတ်ပြန်သည့် စာရင်းတွင်ဖော်ပြထားသည်။
အကြွေးပိလာသည့် စစ်ကောင်စီက ၎င်းတို့ရုံးအတွင်း အသုံးစရိတ်ကို အနည်းဆုံးလိုအပ်ချက်ကိုသာဝယ်ယူရမည်ဟုလည်း ညွန့်ကြားထားသည်။
ပစ္စည်းများဝယ်ယူရာတွင်လည်း ကျပ်ငွေဖြင့်သာ ဝယ်ယူရန်နှင့် နိုင်ငံခြားငွေသုံးဆွဲမှုလျော့ချရန်လည်း ညွန့်ကြားထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်ကထက် GDP ၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းခဲ့သော်လည်း လက်တွေ့တွင်GDP ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)