စစ်ကောင်စီကို ဆက်လက်ခုခံတော်လှန်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း KNDF ဥက္ကဋ္ဌပြော
အီယိုရီ/People’s Spring
တားမြစ်ဓာတုပစ္စည်းများ အသုံးပြုသည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာသဘောတူစာချုပ်ချိုးဖောက်မှုဖြင့် အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ကဓာတုပစ္စည်းများအသုံးပြုခဲ့မှုနှင့်ပတ်သက်၍ NUG နှင့် IEC(ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ယနေ့(ဒီဇင်ဘာ ၂၀ရက်)ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဦးအောင်မျိုးမင်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“ဒီလိုမျိုးတားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ အရေးယူနိုင်ဖို့အတွက် ဝိုင်းဝန်းပါဝင်ပြီး လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်တဲ့ရည်ရွယ်ချက်ပါရှိပါတယ်။ နိုင်ငံတကာစာချုပ်ဖြစ်တဲ့ CWC(Chemical Weapons Convention)ကို ချိုးဖောက်မှုနဲ့ NUG အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့်အချက်ဖြစ်ပါတယ်”ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ရက်၊ ၈ရက်များတွင် စစ်ကောင်စီတပ်က မိုးဗြဲနှင့်အနီးဝန်းကျင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အက်စ်ဖော့စ် ၅၆၀ တံဆိပ်ပါ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ရာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲဘော်အချို့ မူးဝေခြင်းများ ခံစားခဲ့ရကြောင်း KNDF အမှတ်(၁)ဗျူဟာမှူး ခွန်းထက်စိုးက ပြောသည်။
မြေပြင်ရဲဘော်များ၏ ပြောကြားချက်အရ ဒီဇင်ဘာ ဒုတိယအပတ်အထိ အဆိပ်ငွေ့အနံ့များကို ရှုရှိုက်မိနေသေးကြောင်းသိရပြီး စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ရက်ညပိုင်းအထိ ဓာတုအဆိပ်ငွေ့များကို ဆက်လက်အသုံးပြုကာ ဒရုန်းကြဲချတိုက်ခိုက်လျက်ရှိကြောင်း မြေပြင်စစ်ဆင်ရေးတာဝန်ခံလည်းဖြစ်သူ ခွန်းထက်စိုးက ယနေ့သတင်းစာရှင်းလင်းပွဲ၌ ဆက်ပြောသည်။
နိုင်ငံတကာတွင် ဓာတုလက်နက်အသုံးပြုခြင်းနှင့်ပတ်သက်၍ အရေးယူနိုင်ရန် Chemical Weapons Convention(CWC)ကို ပြဌာန်းထားပြီး မြန််မာနိုင်ငံကလည်း ၂၀၁၅ခုနှစ်တွင် အဆိုပါစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးထားကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“မြန်မာနိုင်ငံက ဒီစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အတွက် အခုလိုမျိုးအသုံးပြုမှုတွေကို ခိုင်ခိုင်မာမာ စုံစမ်းစစ်ဆေးပြီးတော့ သက်သေခံအထောက်အထားတွေနဲ့အတူ ဒီစာချုပ်ကို စောင့်ကြည့်နေတဲ့ ဓာတုလက်နက်အသုံးပြုခြင်းတားဆီးမှုအဖွဲ့(Organization for the prohibition of Chemical Weapons)ဆိုတဲ့ အဖွဲ့က ဒါတွေကို စုံစမ်းစစ်ဆေးပြီးတော့ အသုံးပြုမှုကို ဖော်ထုတ်ဖို့၊ အသုံးပြုတဲ့စစ်တပ် အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ဖို့အတွက် မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဝန်ကြီးဦးအောင်မျိုးမင်းက “ရာဇဝတ်မှုတွေကို ကျူးလွန်ရာမှာ ပထမတစ်ခုက ဓာတုပစ္စည်းအသုံးပြုတဲ့အတွက် သဘောတူစာချုပ်ကို ချိုးဖောက်တာမကဘဲနဲ့ အခုလိုစစ်ပွဲတွေမှာ လူမဆန်စွာနဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေအသုံးပြုခြင်းက နောက်ထပ်စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တာ နှစ်ထပ်ကွမ်းရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်ဆိုတာလည်း မေ့လျော့လို့မရပါဘူး။ ဖျောက်ဖျက်ပစ်လို့ မရပါဘူး” ဟု ပြောသည်။
ထို့အပြင် အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခံထားရပြီး ထပ်မံ၍လည်း ICC အပါအဝင် နိုင်ငံအလိုက်အရေးယူနိုင်သော Universal Jurisdiction ကိစ္စရပ်များတွင်လည်း ယခုဓာတုပစ္စည်းများအသုံးပြုတိုက်ခိုက်သည့်အချက်ကို သက်သေခိုင်မာအောင် လုပ်ဆောင်ကာ တရားစွဲဆိုမှုများ ဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင်သွားမည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးက ပြောသည်။
“အကြမ်းဖက်စစ်တပ်က ဒီဖြစ်ရပ်က ကျူးလွန်တာ ဖြစ်ရပ်တစ်ခုဖြစ်ကောင်းဖြစ်ပေမယ့် ရာဇဝတ်မှုကို နှစ်ထပ်ကွမ်းကျူးလွန်တဲ့အချက်ဖြစ်ပါတယ်။ ရာဇဝတ်မှု နှစ်ထပ်ကွမ်းဖြစ်တဲ့အတွက် တာဝန်ရှိမှုက နှစ်ထပ်ကွမ်းယူရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
KNDF ဥက္ကဋ္ဌ၊ IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူးကလည်း စစ်ကောင်စီ၏ လူမဆန်သတ်ဖြတ်မှုများ၊ ဗုံးကြဲမှုများ၊ ဓာတုအဆိပ်အသုံးပြုတိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ဆက်လက်ခုခံတော်လှန်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
“ဒီလိုသတ်ဖြတ်မှုတွေကို သိလျက်သားနဲ့ စစ်ကောင်စီကို အဖက်လုပ်ပြီးမှ ဖိတ်ခေါ်နေတဲ့ ကာကွယ်ပြောဆိုနေတဲ့ တချို့သောအသိုင်းအဝိုင်းတွေကိုလည်း သတင်းစကားပါးချင်တယ်။ ဒီလို သတ်ဖြတ်မှုတွေက ဆိုးရွားတဲ့အာဏာရှင်တွေပဲ လုပ်လေ့ရှိတဲ့ ကိစ္စမျိုးမှာ အခုလိုမျိုး ကျွန်တော်တို့ ပြည်နယ်မှာ ဆက်လက်ဖြစ်ပေါ်နေတယ်။ ဒီကြားထဲက စစ်ကောင်စီကို အားပေးအားမြှောက်လုပ်ပြီးမှ ကာကွယ်ပြောဆိုနေတာတွေ အခွင့်အရေးပေးနေတာကို ရပ်တန့်လိုက်ပြီးမှ စစ်ကောင်စီကို ဒီထက်ပိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းချင်တယ်”ဟု ခွန်းဘီထူးက ဆက်ပြောသည်။