■ပျူခေါင်းဆောင်၏ ဇနီးနှင့်သားပါသေဆုံး
အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရဲဗလဆု ရရှိထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင်တစ်ဦးနှင့် ၎င်း၏ဇနီး၊သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၂ ရက်) ည ၉ နာရီခန့်က ဝမ်းတွင်းမြို့နယ်၊တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် မောင်လွင်အား တော်လှန်ရေးအဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ထို့အပြင် နေအိမ်ရှိ ၎င်း၏ဇနီးနှင့် သားဖြစ်သူ ပျူအဖွဲ့ဝင်ပါ ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ပျူခေါင်းဆောင်မောင်လွင်သည် ၂၀၂၂ ခုနှစ်က စစ်ကောင်စီက ပေးသည့် ရဲဗလဆုတံဆိပ်ရရှိထားသူဖြစ်သည်။
“မောင်လွင်ရဲ့သားကလည်း ပျူသင်တန်းဆင်းပဲ။ မောင်လွင်မသန်တော့ကတည်းက သူ့သားကပျူတွေကို ခေါင်းဆောင်နေတာ။”ဟု Wundwin Township Revolution Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါပစ်ခတ်မှု၌ ပျူခေါင်းဆောင်သားအဖအပါအဝင် မိသားစုဝင် ၃ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
မောင်လွင်ကို တော်လှန်ရေးအဖွဲ့များက ၂၀၂၁ ခုနှစ်က တကြိမ်ပစ်ခတ်ခဲ့ဖူးသော်လည်း အသက်မသေဘဲ မသန်စွမ်းဘဝရောက်ခဲ့ကြောင်းသိရသည်။သို့သော် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖြစ်ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။
၎င်း၏ဇနီးနှင့်သားမှာ တမာကန်အုပ်စုရှိ တမာကန်၊ကျောက်အိုး၊မင်းကုန်၊တောင်ဆည်ရွာ စသည့်ကျေးရွာများမှ တစ်အိမ်တစ်သောင်း စစ်မှုထမ်းအကြောင်းပြ ကောက်ခံခြင်း၊ လူငယ် ရှိသည့်အိမ်များအား ကျပ် ၃သိန်းမှ ၁၀သိန်းအထိ တောင်းခံခြင်း၊ ပြည်သူများအား ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။
ဝမ်းတွင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စစ်မှုထမ်းရန်အတွက် လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရသေးသည်။
အလားတူ ယနေ့ ဒီဇင်ဘာ ၂၃ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်ကလည်း ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းရွာ၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်အား ၄၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။