People’s Spring
အိန္ဒိယ နိုင်ငံ၊ မဏိပူရ ပြည်နယ်ထဲက ခွဲထွက်ရေး အင်အားစုတွေဆီမှာ မြန်မာနိုင်ငံလုပ် စစ်လက်နက်တွေ ရှာဖွေ သိမ်းဆည်း ရမိမှု ပိုမိုများပြားလာကြောင်း အိန္ဒိယ အာဏာပိုင်တွေက ဆိုပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့က အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ အာသံရိုင်ဖယ်ဟာ အရှေ့အင်ဖာ ဧရိယာထဲမှာ StarLink အင်တာနက် ချိတ်ဆက်နိုင်တဲ့ စက်ကိရိယာတွေ တစ်စုံကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာဖက်ခြမ်းကနေ မှောင်ခို တင်သွင်းလာတဲ့ ပစ္စည်းတွေထဲမှာ အဲဒီ အင်တာနက် ချိတ်ဆက်မှု ကိရိယာတွေချည်းပဲတော့ မဟုတ်ဘူးလို့ အာသံ ရိုင်ဖယ် အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တွေဟာ MA4 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်ကို ရှာဖွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဲဒီ လက်နက်ကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ပြီး မြန်မာစစ်တပ်က အဓိက အသုံးပြုလေ့ ရှိပါတယ်။
မဏိပူရမှာ မြန်မာနိုင်ငံလုပ် စစ်လက်နက်တွေ ရှာတွေ့တယ် ဆိုတာဟာ အထူးအဆန်း မဟုတ်တော့ဘဲ လွန်ခဲ့တဲ့ ငါးလ ခြောက်လလောက်အတွင်း တူညီတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပြီး ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဆိုပါတယ်။
ဥပမာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ပစ္စတို ၇ လက်၊ မြန်မာလုပ် MA4 ရိုင်ဖယ် ၅ လက်နဲ့ AK-47 မောင်းပြန်ရိုင်ဖယ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာဖက်မှာ ထုတ်လုပ်တဲ့ ပစ္စတိုတွေဟာ အိန္ဒိယလုပ် အမျိုးအစားတွေနဲ့ မတူညီကြောင်း၊ တချို့ သေနတ်တွေမှာ ‘Made in Burma’ဆိုတဲ့ စာတန်းတွေပါ ပါရှိတတ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက ဆိုပါတယ်။ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ စစ်လက်နက်တွေကို ပိုမိုတွေ့ရှိ သိမ်းဆည်းရမိလာတယ် ဆိုတဲ့တိုင် စိုးရိမ်လောက်စရာ အလုံးအရင်း ပမာဏမျိုးတော့ မဟုတ်သေးဘူးလို့လည်း အာဏာပိုင်တွေက မှတ်ချက် ပေးထားပါတယ်။
မဏိပူရမှာ ဒေသတွင်း ပဋိပက္ခတွေ စတင်လာပြီးတဲ့နောက် လွန်ခဲ့တဲ့ ၁၉ လတာအတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ စစ်သုံးယူနီဖောင်းတွေနဲ့ ကျည်ကာအင်္ကျီတွေကိုလည်း အရေအတွက် ရာနဲ့ချီ သိမ်းဆည်း ရမိခဲ့ပါတယ်။ အဲဒီ ပစ္စည်းတွေရဲ့ တည်ဆောက်မှု၊ ချုပ်လုပ်မှုတွေဟာလည်း အိန္ဒိယမှာ ထုတ်လုပ်တဲ့ မော်ဒယ်တွေနဲ့ သိသိသာသာ ကွာခြားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာဟာ အိန္ဒိယနဲ့ ၁၆၄၃ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပါတယ်။ အိန္ဒိယ အစိုးရဟာ အဲဒီ နယ်ခြားတလျှောက် ရှည်လျားတဲ့ စည်းရိုးတွေ တည်ဆောက်သွားမယ်လို့ ကြေညာထားပြီး မဏိပူရ ပြည်နယ်ထဲမှာတော့ ကီလိုမီတာ ၃၀ ရှည်လျားတဲ့ စည်းရိုး အစိတ်အပိုင်း ပြီးစီးနေပြီလို့ သိရပါတယ်။
ကိုးကား- Hindustan Times
ဓါတ်ပုံ-HT