ရဲခေါင်/People’s Spring
ကရင်နီ – ရှမ်းပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ်(၄၂၂) ခမရ-၄၂၂ မှ စစ်ကောင်စီတပ်သား သုံးဦးမှာ ကရင်နီပူးပေါင်းတပ်ထံသို့ အလင်းဝင်လာခဲ့သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မိုးဗြဲ PDF တို့ ပူးပေါင်းပြုလုပ်နေသော “စုပေါင်းကူညီထောက်ပို့ကျည်”ကမ်ပိန်းအစီအစဥ်ကလည်း CDM ပြုလုပ်လာသည့် တပ်သားသုံးဦးနှင့်ပတ်သက်၍ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)နေ့တွင် ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်မည်ဟု ဆိုသည်။
တပ်သား သန့်ဇော်ဦး၊ ဝေယံထွန်း(၁)၊ ဝေယံထွန်း(၂)တို့သည် ခမရ -၄၂၂ တပ်တွင်းမှ အသက်လွတ်ပြေးကာ CDM ပြုလုပ်လာကြောင်း ကနဦး အသိပေးထားသည်။
“မိုးဗြဲမှာ အလင်းဝင်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြိုဆိုလျက်ပါ”ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေး၌ ကြားနေမရှိဘဲ စစ်ကောင်စီတပ်သားများ အနေဖြင့် အနာဂတ်အတွက် တုံ့ဆိုင်းမနေပဲ CDM အမြန်ဆုံးပြုလုပ်ရန်လည်း “စုပေါင်းကူညီထောက်ပို့ကျည်”ကမ်ပိန်း တာဝန်ရှိသူက တိုက်တွန်း သည်။
ယခုနှစ် ဒီဇင်ဘာတစ်လအတွင်း၌ပင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)CDM ဌာနမှူး မင်းသားက အသိပေးထားသည်။
“ဒီဇင်ဘာ တစ်လတည်းမှာကို ကျွန်တော့်တို့ဆီကို ဘက်ပြောင်းလာတဲ့သူ အယောက် ၂၀ကျော်သွားပါပြီ။အခုနောက်ပိုင်းက ပစ(စစ်ကောင်စီတပ်ထဲ ပြည် သူ့စစ်မှုထမ်းဥပဒေဖြင့် ဝင်ရောက်ခဲ့ရသူ)တွေများတယ်။ကျွန်တော်တို့နဲ့အတူ အားလုံးပေါင်း စာရင်းဝင်နေတာက အယောက် ၄၀ ကျော်ရှိတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီထံမှ ဘက်ပြောင်းလာသူများ၏ လုံခြုံရေးကို အထူးအာမခံပြီး အထူးသဖြင့် မြေပြင်တိုက်ခိုက်ရေး(သို့မဟုတ်) ဆန္ဒမပါဘဲ တိုက်ပွဲသို့ လုံးဝခေါ်ဆောင်ခြင်းမပြုဟု လည်း ကတိပြုသည်။
ယခုနှစ် နှစ်လယ်ပိုင်းအထိ ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ရှိပြီး စစ်ကောင်စီ တပ်သား ၁၅၀ကျော်ရှိကြောင်း သိရသည်။