■တွေ့ရှိသောရွှေထည်အရေအတွက်အများစုစစ်ကောင်စီထုတ်ပြန်မှုတွင်မပါတော့ဟုဒေသခံများပြော
ပုဂံရှေးဟောင်းနယ်မြေ၊ မြင်းကပါရွာအနီးတွင် ရေမြောင်းတူးရာမှတွေ့ရှိသောရွှေဆင်းတုတော် နှင့် ရွှေသံလျက်အပါအဝင် ရှေးဟောင်းပစ္စည်းများဖြစ်စဉ်ကို ရွှေထည်အများအပြားထိန်ချန်ပြီး စစ်ကောင်စီကသတင်းထုတ်ပြန်လာသည်ဟု ဒေသခံများကပြောသည်။
မြင်းကပါရွာအနီးတွင် စက်တင်ဘာလ၂၀ရက်က ရေမြောင်းဖောက်ရန်မြေတူးရာမှ အလေးချိန် ၅ပိသာခန့်ရှိသည့် ရွှေဆင်းတုတော်အပါအဝင် ရွှေသံလျက်၊ရွှေစလွယ်နှင့် လက်ဝတ်ရတနာများ တွေ့ရှိခဲ့ခြင်းဟု ဒေသခံများကပြောသည်။ရွှေသံလျက်၊ ရွှေစလွယ်၊ရွှေဘယက်နှင့် ရွှေဆင်းတုတော်အပြင် လက်ဝတ်ရတနာအများအပြားကို မြေတူးလုပ်သားများက အိုးလိုက်တွေ့ရှိခြင်းဟုသိရသည်။
စစ်ကောင်စီက ယနေ့(ဒီဇင်ဘာလ၂၆ရက်) ၌ သတင်းထုတ်ပြန်လာရာ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက်အချို့တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများကို ထုခွဲရောင်းချသူ သုံးဦးအား ဖမ်းဆီးထားပြီး ၁၁ဦးလွတ်မြောက်နေသည်ဟု ဖော်ပြထားသည်။ဖမ်းဆီးထားသူသုံးဦးနှင့် လွတ်မြောက်နေသူ ၁၁ဦးကို ပုဂံနယ်မြေ ရဲစခန်း၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုဖွင့်ထားပြီး အရေးယူနိုင်ရေးဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က တန်ဖိုးကြီးရှေးဟောင်းပစ္စည်းအများအပြားကို သက်သေခံပစ္စည်းစာရင်းတွင် သွင်းမထားဘဲ ယူဆောင်သွားပြီဟု ဒေသခံများက ပြောသည်။
“ဒီအမှုကို ကျနော်တို့အမြဲမပြတ်နားစွင့်နေခဲ့တာ။ ရတဲ့ရှေးဟောင်းပစ္စည်းကမနည်းဘူး။ ရဲတွေသိမ်းသွားတာတော်တော်များတယ်။ အခုသတင်းထုတ်ပြန်လာတော့ ရွှေထည်ကနည်းနည်းလေးဖြစ်နေတယ်။ စစ်တပ်နဲ့ရဲ ပေါင်းပြီး ခိုးသွားပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါအမှုကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က စတင်ကိုင်တွယ်စဉ်ကတည်းကရှေးဟောင်းပစ္စည်းအများအပြား သိမ်းယူသွားပြီး ပစ္စည်းတချို့သည် စစ်ကောင်စီလက်ထဲ၌ အစအနပျောက်နေသည်ဟု ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူအချို့ကထောက်ပြခဲ့သည်။
စတင်တွေ့ရှိသည့် ပန်းရံလုပ်သားနှင့် ရေမြောင်းတူးဖော်ခွင့်ရသူ ကန်ထရိုက်တို့ကြား ဝေစုခွဲရာမှအဝေမတည့်ဖြစ်ပြီး စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ထံ သတင်းပေါက်ကြားသွားပြီးနောက် ယင်းကဲ့သို့ သိမ်းဆည်းခံရခြင်းဟုစုံစမ်းသိရသည်။
တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများ၏စာရင်းကို အတိအကျမသိရသေးဘဲ သိန်းပေါင်းသောင်းချီတန်ကြေးရှိသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ စစ်ကောင်စီက ယခုထုတ်ပြန်လာရာတွင်လည်း အသေးစိတ်ဖော်ပြခြင်းမရှ်ိသလို တူးဖော်တွေ့ရှိသည့်ပစ္စည်းစုစုပေါင်း၏ ဆယ်ပုံတစ်ပုံပင်မရှိကြောင်း ဒေသခံများကပြောသည်။
ရှေးဟောင်းပစ္စည်းများအား အရည်ကြိုစဉ် ၅ပိဿာခန့်ရှိ ရွှေဆင်းတုတစ်ဆူကို အရည်မကြိုဘဲ ဘုန်းကြီးကျောင်းသို့ပို့ဆောင်ထားသည်ကို စစ်ကောင်စီကသွားရောက်သိမ်းဆည်းသွားသည်ဟု ဒေသခံများကပြောကြားခဲ့ပြီး ယခုစစ်ကောင်စီထုတ်ပြန်သည့်စာရင်းတွင် အဆိုပါ ရွှေဆင်းတုပါဝင်လာခြင်းမရှိပေ။ရွှေသံလျက်၊ရွှေစလွယ်နှင့် လက်ဝတ်ရတနာများကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က ခွဲဝေယူဆောင်သွားကြပြီဟု ပုဂံဒေသခံ ဆယ်ဦးထက်မနည်းကပြောသည်။
တွေ့သည့် ပစ္စည်းစာရင်းများအရ ရှေးခေတ်ဘုရင်များလက်ထက် သင်္ချိုင်းရာဖြစ်ဖို့များပြီး ဘုရင့်အသုံးဆောင်များဖြစ်နိုင်သည်ဟု ရှေးဟောင်းသု တေသနပညာရှင်တစ်ဦးက သတင်းစတင်ထွက်ပေါ်ခဲ့သည့် အချိန်ကတည်းကမှတ်ချက်ပြုရေးသားခဲ့သည်။
“ရှေးပစ္စည်းတွေရတယ်ဆိုတဲ့ သတင်းက လာလာပေးကြပေမယ့် သစ်သားဆင်းတု၊ ကြေးဆင်းတုလောက်ဖဲ ထင်ထားတာ။ ခုလို သိန်းသောင်းချီတန်တဲ့ ရွှေထည်တွေ တွေ့လိမ့်မယ်လို့ ထင်မထားမိတာတော့ အမှန်ပါဘဲ။ ခုလို ဖုံးမရဖိမရဖြစ်လာတာကလည်း တန်ဖိုးကြီး၊ ပစ္စည်းအရည်အတွက်များလို့ဆိုတာ သေချာတယ်” ဟု အဆိုပါပညာရှင်က လူမှုကွန်ရက်မှတစ်ဆင့် သုံးသပ်ခဲ့သည်။
ပုဂံတွင် ပြီးခဲ့သည့်စက်တင်ဘာလကလည်း မိုးသည်းထန်စွာရာသွန်းပြီး အေဒီ ၁၂ ရာစုနှင့် ၁၃ ရာစု လက်ရာ ရွှေစည်းခုံ၊ သဗ္ဗုညု အပါအဝင် စေတီပုထိုးနှင့် ရှေးဟောင်းအဆောက်အဦ ၁၂ ခု ထိခိုက်ပျက်စီးခဲ့သည်။ ထိုစဉ်ကလည်း ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီ ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်စစ်တက္ကသိုလ် တပတ်စဉ်ထဲတက်ခဲ့သည့် လက်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဦးတင်ဦးလွင်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းတို့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ရေစီးရေလာကောင်းမွန်ရေးဟုအကြောင်းပြကာ ရေမြောင်းများတူးဖော်နေခြင်းသည် ရှေးဟောင်းပစ္စည်းများရှာဖွေခြင်းဟု ဝေဖန်ခံခဲ့ရသည်။ ရေမြောင်းတူးဖော်ရာတွင်လည်း အဟောင်းကိုပြန်ဖော်ခြင်းမဟုတ်ဘဲ ရေမြောင်းအသစ်များသာတူးနေခြင်းဖြစ်၍ရေမြောင်းတူးသည်အကြောင်းပြကာ ရှေးဟောင်းပစ္စည်းများရှာဖွေ နေကြခြင်းဖြစ်နိုင်ကြောင်းဒေသခံများကပြောသည်။
ယဉ်ကျေးမှုအမွေအနှစ် အပေါ် ထိခိုက်မှု ရှိ၊မရှိ လေ့လာဆန်းစစ် ချက် (HIA) မပြုလုပ်ဘဲ ရေမြောင်းများတူးနေမှုများအတွက် ရှင်းလင်းရန်ထုချေလွှာတင်ရန် စစ်ကောင်စီယဉ်ကျေးမှုဝန်ကြီးဌာနသို့ ယူနက်စကိုအဖွဲ့က တောင်းဆိုခဲ့သည်။ဦးကျော်မျိုးဝင်းသည် ပြီးခဲ့သည့်စက်တင်ဘာလတွင် ဌာနပြောင်းရွှေ့သွားပြီဖြစ်သည်။