■စစ်ကြောင်းကို PDF တွေလိုက်တိုက်စဥ် စစ်သား ၂ ဦးသေဟုဆို
ရှိန်း၊ဇေအောင်
တောင်သာမြို့နယ်၊ နန်းမြင့်ရွာကို စစ်တပ်ကစစ်ကြောင်းထိုးပြီးတော်လှန်ရေးရဲဘော်တဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
ဒီနေ့ (ဒီဇင်ဘာ ၂၇) မနက်အစောပိုင်းကမြင်းခြံခရိုင်တပ်ရင်း (၃) ၊တပ်ခွဲ(၂)က ရဲဘော်ထိုက်ကြီးဟာ ပြည်သူတဦးကမြေဖြူကုန်းရွာကိုလိုက်ပို့ဖို့အကူအညီတောင်းတာကြောင့် လိုက်ပို့စဥ်နန်းမြင့်ရွာထဲမှာ စစ်ကြောင်းနဲ့တွေ့ပြီးဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။
တောင်သာမြို့နယ်ထဲက စွပ်ကျယ်စက်ရုံကိုနန်းမြင့်တောင်အနီးကနန်းမြင့်ရွာကို ဒေသခံလမ်းပြတွေနဲ့အတူမနက်၅နာရီလောက်ကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
ယနေ့နံနက် ၅ နာရီခွဲဝန်းကျင် မှာတောင်သာမြို့ပေါ်ကနေ ဖောကားတစီး၊လူနာတင်ယာဥ် ၂စီးစီးလာတဲ့အင်အား တစ်ရာခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက နန်းမြင့်ရွာကို စစ်ကြောင်းထိုးဝင်ခဲ့ပါတယ် ။စစ်ကြောင်းထိုး စဥ် ရဲဘော်ထိုက်ကြီးကိုဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ကာကွယ်ရေးရဲဘော်အချို့က ပြောပါတယ်။
“တောင်သာစစ်ကြောင်းက ဝင်စီးလိုက်တဲ့အနေအထားမှာ ခံလိုက်ရတာ။ တပ်ရင်း ၃၊ တပ်ခွဲ ၂က ရဲဘော်ထိုက်ကြီးကျသွားတာ။ ဖမ်းခေါ်သွားပြီး လမ်းမှာသတ်လိုက်တာ။”လို့ တောင်သာအခြေစိုက် PDFတစ်ဦးက ပြောပါတယ်။
ရဲဘော်ထိုက်ကြီးဖမ်းဆီးခံလိုက်ရတာကြောင့် နန်းမြင့်ရွာမှ တောင်သာမြို့ကို စစ်အုပ်စုစစ်ကြောင်းပြန်ထွက်ချိန်မှာ မြင်းခြံခရိုင်တပ်ရင်း(၃)ကကြားဖြတ်တိုက်ခိုက်ခဲ့တာမို့ စစ်သား၂ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ် ။ ရဲဘော်ထိုက်ကြီးကို တိုက်ပွဲဖြစ်ပွားရာ မြေဖြူကုန်းရွာရဲ့အနောက်ဖက်မှာ ပစ်သတ်ထားခဲ့တာလို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်မှာ ရဲဘော်ထိုက်ကြီးနဲ့အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံရတဲ့အမျိုးသားတစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့PDF တဦးက ပြောပါတယ်။
တောင်သာမြို့နယ်မှာ ဒီဇင်ဘာလအတွင်းစစ်တပ်နဲ့ပျူတွေ စစ်ကြောင်းထိုးတာ၊စစ်ရေးလှုပ်ရှားတာတွေပြန်လည်ပြုလုပ်လာသလို လေကြောင်းကနေလည်း ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)