ဒီးဒီ/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်း၊တပ်ဖွဲ့များအား လိုက်လံတွေ့ဆုံနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်က အိမ်အပြန်လမ်းများသည် ခက်ခဲမှုများပြည့်နေသော်လည်း မရောက်ရောက်အောင်ပြန်ကြရမည်ဟု ရဲဘော်များအား တပ်ထွက်မိန့်ခွန်းပြောမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
” အိမ်ပြန်လမ်းတွေဟာ အခက်အခဲတွေနဲ့ ပြည့်ချင်ပြည့်နေမယ်။ အိမ်ကိုရောက်ချင်မှလည်းရောက်မယ်။ မရောက်ရောက်အောင်လည်းပြန်ကြရမယ်။ ဒီအတွက် အောင်ပွဲနီးလေ အခက်အခဲတွေ့လေ၊ အခက်အခဲတွေ့လေ အရည်အချင်းတက်လေ၊ အရည်အချင်းတက်လေ အောင်ပွဲနီးလေ ဆိုတာမျိုး တပ်ထွက်မိန့်ခွန်းမျိုးတော့ ရဲဘော်တွေကို မှာကြားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုးက ပြောသည်။
မြေပြင်၌ ရှိနေသည့်ဝန်ကြီးချုပ်က နှစ်သစ်ကူးကာလတွင် တော်လှန်ရေးရဲဘော်များအတွက် ခွန်အားဖြစ်စေရန်နှင့် အတူတူရှိနေသည်ကို ပြသချင်၍ ရဲဘော်များအားလိုက်လံတွေ့ဆုံခြင်းဟု ပြည်ထောင်စုဝန်ကြီးချုပ်အဖွဲ့တွင်ပါဝင်သူ ကိုနောင်ရိုးက ပြောသည်။
” ရဲဘော်တွေရဲ့ တော်လှန်ရေးအပေါ် ယုံကြည်ချက်အပြည့်နဲ့ ဆုံးခန်းတိုင်အထိ တိုက်ပွဲဝင်နေကြတာကိုလည်း အားပေးစကားတွေ ပြောဖို့ ရည်ရွယ်ပြီး ဒီခရီးစဉ်တွေကို ထွက်တာဖြစ်ပါတယ်။ PDF တပ်ရင်းတွေ၊ ပကဖ တပ်ဖွဲ့တွေဟာ ငါတို့ခေါင်းဆောင်၊ ငါတို့လူကြီးတွေ ငါတို့ဆီရောက်အောင်လာပြီး ငါတို့ကို နွေးထွေးရင်းနှီးစွာ ဆက်ဆံကြတယ်၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို အသိပေးတယ်ဆိုတာမျိုး မျှော်လင့်နေကြတာပါ။ ဒီဆန္ဒတွေကို အတတ်နိုင်ဆုံးကြိုးစားပြီး ဖော်ဆောင်ပေးတာဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယခုရက်ပိုင်းအတွင်း မှတ်တမ်းဓာတ်ပုံများထုတ်ပြန်အသိပေးမှုအရ NUG၏ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ဦးတည်သော စစ်ရေးဖော်ဆောင်မှုမည့် ရန်ကုန်တပ်ရင်းများဖြစ်သော တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)နှင့် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄)တို့မှ ရဲဘော်များအား တွေ့ဆုံခဲ့ကြောင်း ဇန်နဝါရီ ၁ရက်တွင် အသိပေးသည်။
ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့သည်ဟု NUGက ယနေ့(ဒီဇင်ဘာ ၂ရက်)တွင် ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောသည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့အား စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့သည်ဟု ဖော်ပြသည်။
စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်များ လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ကျေးဇူးတင် အားပေးစကားများပြောကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
” စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့ ကော်ဘရာကော်လံက ရဲဘော်တွေရယ်၊ အောင်ဇေယျစစ်ကြောင်းကို တိုက်ထုတ်နေကြတဲ့ စစ်ကြောင်းတွေရယ်ကိုလည်း ဂုဏ်ပြုစကားတွေပြောခဲ့တယ်”ဟု ကိုနောင်ရိုးက ပြောသည်။
ယခု ၂၀၂၅တွင် စစ်ရေးပိုမိုပြင်းလာမည်ဟု တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ခေါင်းဆောင်အချို့က နှစ်သစ်ကူးမိန့်ခွန်းများတွင် အသိပေးပြောကြားထားပြီး မြန်မာပြည်အလယ်ပိုင်း အညာဒေသ၌ စစ်ရေးလှုပ်ရှားမှုများအတွက်လည်း တော်လှန်ရေးတပ်အချို့က ပြင်ဆင်နေကြသည်။
၂၀၂၅တွင် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်ရမည်ဆိုကာ မြန်မာပြည်အလယ်ပိုင်းအား ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ရေးရည်မှန်းချက်အား ဖော်ဆောင်သွားမည်ဟု ကျောင်းသားလက်ရုံးတပ်တော်-SAF က ဇန်နဝါရီ ၁ရက်တွင် အသိပေး ထုတ်ပြန်သည်။
၂၀၂၅သည် တော်လှန်စစ် ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်း စုတစ်ရပ်ဖြစ်လာရန် နိုင်ငံရေး၊စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲအကောင်အထည်ဖော်ရမည့် နှစ်ဟုလည်း SAF က ဆိုသည်။
၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၂၀၂၄ ဒီဇင်ဘာ ၃၀ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၄တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။
ထို့ကြောင့် လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။
အလားတူ ကရင်နှင့် ရှမ်းမြောက်၌ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )ကလည်း အညာဒေသတွင် တိုက်ပွဲများဖော်ဆောင်နိုင်ရန် အညာစစ်ဒေသအတွက် တပ်သားသစ်များ ခေါ်ယူနေသည်။