Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းထောင် ၁၀ခုမှ နိုင်ငံရေးအကျဉ်းသား ၁၂၀ကျော် လွတ်မြောက်လာ

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူ နှစ်သောင်းကျော်အထိ ကျန်နေ

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့၌ စောင့်ဆိုင်းနေကြသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS

ဒီးဒီ၊ကဖေး/People’s Spring

စစ်ကောင်စီ၏ ယ‌နေ့ (ဇန်နဝါရီ ၄ရက်) လွတ်လပ်ရေးနေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် အကျဉ်းထောင် ၁၀ခုမှ နိုင်ငံရေးအကျဉ်းသား ၁၂၀ကျော် လွတ်မြောက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ လက်ရှိ ကောက်ခံရရှိထားသော စာရင်းများအရ အကျဉ်းထောင် ၁၀ခုမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၂၆ဦးသာ စာရင်းရရှိထားသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ရရှိထားသော စာရင်းများမှာ မြင်းခြံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၁၃ )ဦး၊အမျိုးသမီး(၉ )ဦး စုစုပေါင်း( ၂၂ )ဦး ၊ ရွှေဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၂၁ )ဦး၊ အမျိုးသမီး(၁၁ )ဦး စုစုပေါင်း( ၃၂)ဦး၊ ပခုက္ကူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၁၁)ဦး၊အမျိုးသမီး(၄)ဦး စုစုပေါင်း( ၁၅ )ဦး၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၁၀)ဦး၊အမျိုးသမီး(၆)ဦး စုစုပေါင်း(၁၆)ဦးနှင့် က‌လေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၃)ဦး၊အမျိုးသမီး(၁)ဦး စုစုပေါင်း(၄)ဦး လွတ်ငြိမ်းဖြင့် လွတ်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပေါင်းတည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၄)ဦး၊အမျိုးသမီး(၄)ဦး

စုစုပေါင်း(၈)ဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၂)ဦး၊အမျိုးသမီး(၃)ဦး

စုစုပေါင်း(၅)ဦး၊ ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၇)ဦး၊အမျိုးသမီး(၄)ဦး

စုစုပေါင်း(၁၁)ဦး၊ မိထ္ထီလာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၃)ဦး၊အမျိုးသမီး (၂)ဦး စုစုပေါင်း(၅)ဦး နှင့် မအူပင် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား(၄)ဦး၊အမျိုးသမီး(၄)ဦး စုစုပေါင်း(၈)ဦး လွတ်ငြိမ်းဖြင့် လွတ်လာသည်ဟု ထပ်မံဖော်ပြထားသည်။

ပဲခူးတိုင်းအတွင်းထောင်သုံးခုမှ နိုင်ငံရေးအကျဉ်းသား ၂၄ဦး ပြန်လည်လွတ်မြောက်လာပြီး အားလုံးသည် လွတ်ရက်နီးသူများသာဖြစ်ကြောင်း သတင်းရရှိသည်။

” လွတ်ရက်နီးသူတွေပဲ ပြန်လွှတ်ပေးတာပါ။ နှစ်ကြီးသမားတွေ မလွှတ်ပေးပါဘူး။ စစ်အာဏာရှင်ကတော့ အာဏာရှင်အချိုးအတိုင်းပါပဲ”ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံရေးအကျဉ်းသား ၆၀၀ခန့်ပါဝင်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သည့် မီဒီယာများအား ပြောဆိုထားသည်။ သို့သော် ၎င်း၏ ပြောဆိုချက်အပေါ် အယုံအကြည်မရှိဟုလည်း ကိုသိုက်ထွန်းဦးက ဆိုသည်။

” ၆၀၀ခန့်ပါမယ်လို့ ပြောနေပေမယ့် ယုံကြည်လို့မရပါဘူး။ ၆၀၀ တကယ်ပါခဲ့ရင်ကို ဒါက အင်မတန်နည်းနေပါသေးတယ်။ ကျနော်တို့ အကျဉ်းထောင် ၁၀ခုကနေ စာရင်းရတာ ၁၀၀ကျော်ပဲ ပြန်လွတ်လာပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

နိုင်ငံတဝန်း အကျဉ်းထောင်် ၄၆ခုထက်မနည်းရှိရာ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသည့် အကျဉ်းထောင်များလည်း ရှိနေသည်။ ထို့ကြောင့် PPNM၏ စာရင်းသည် အကျဉ်းထောင် ၁၀မှ ရရှိသော စာရင်းဖြစ်၍ ကျန် အကျဉ််းထောင် ၃၀ကျော်မှ လွတ်မြောက်လာမည့် စာရင်းကျန်ရှိနေသေးသည်။

“နာမည်ရှိတဲ့သူ လူသိများတဲ့သူထဲကဆိုရင် မန္တလေးက လွှတ်တော်အမတ်တစ်ဦးပြန်လွတ်လာတယ်လို့ စာရင်းရထားတယ်။ ကျန်တာ မရသေးဘူး”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်တပ်အာဏာသိမ်အပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၃ ရက်အထိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၀၉၆ ဦးရှိပြီး ထိုအထဲမှ ၂,၁၄၉၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ဇန်နဝါရီ ၃ရက်တွင် ထုတ်ပြန်သည်။

ထိုကဲ့သို့ ထိန်းသိမ်းခံနေရသူများအနက်မှ ၉,၉၅၈ ဦးမှာ ထောင်ဒဏ်များချမှတ်ခံထားရသည်ဟု ဆိုသည်။ ယနေ့တွင် နိုင်ကျဉ်း ၆၀၀ခန့်လွှတ်ပေးမည်ဆိုပါက နှစ်သောင်းကျော်ကျန်နေသေးသည်။

ယနေ့ (ဇန်နဝါရီ ၄ရက်) ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီကအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား၊ အကျဉ်းသူ ၅,၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု ကြေညာထားသည်။

၎င်းတို့သည် နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ထောင်ဒဏ်တသက် ကျခံနေရသူ အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅နှစ်သို့ လျော့ပေါ့ပြောင်းလဲပေးခဲ့ကြောင်း၊ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီသည် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရာတွင် မတရားဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများအား အနည်းငယ်သာ ထည့်သွင်းလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။