Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ တစ်ရက် ရှစ်နာရီသာ လျှပ်စစ်မီးရတော့မည်

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၅ရက်ကစတင်၍ တစ်ရက်လျှင် ၈နာရီသာ လျှပ်စစ်မီးရတော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။

ယနေ့ည မရမ်းကုန်းမြို့နယ် တနေရာတွင် လျှပ်စစ်မီးမလာ၍ မှောင်မဲနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PS

‌ရောင်နီ/People’s Spring

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၅ရက်ကစတင်၍ တစ်ရက်လျှင် ၈နာရီသာ လျှပ်စစ်မီးရတော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။

လက်ရှိတွင် ရန်ကုန်ရှိ မြို့နယ်များ၌ အုပ်စု A ၊B ခွဲကာ လေးနာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် မီး‌ပေးနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ရက်ကစတင်၍ အုပ်စု C ကို ထပ်တိုးကာ ရှစ်နာရီခြားတစ်ကြိမ် လေးနာရီ လျှပ်စစ်မီးပေးမည်ဖြစ်သည်။

“မီးလာလာချင်း စုပြုံမသုံးကြပါနဲ့။ Feeder Over Load၊ Tr Over Loadနဲ့ ဘယ်လိုမှ မီးပေးလို့ မရနိုင်သလို ဘယ်လိုမှ မီးသုံးလို့ မရနိုင်ပါဘူး။ ဒီထက်အခြေအနေ ဆိုးရင် ထရန်စဖော်မာလောင်ဖို့ပဲ ရှိပါတယ်။ အစားထိုးဖို့ အခက်အခဲရှိရင် ရက်နဲ့ချီပြီး မီးမရတာဖြစ်နိုင်ပါတယ်” ဟု လျှပ်စစ်ဝန်ထမ်းတစ်ဦးက အကြံပြုထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနသည် ဝန်အားထုတ်လုပ်နိုင်မှု ‌လျော့ကျသည်ဟုဆိုကာ လျှပ်စစ်မီးပေးသည့် အချိန်များကို တစ်စထက်တစ်စ လျော့ချခဲ့ခြင်းဖြစ်သည်။

ယခင်က တစ်ရက်လျှင် ရှစ်နာရီသာ မီးပြတ်ခဲ့သော်လည်း ဇန်နဝါရီ ၃ ရက်မှစတင်၍ တစ်ရက်လျှင် ၁၂ နာရီအထိ မီးဖြတ်ချိန်ထပ်တိုး ခဲ့ခြင်းဖြစ်သည်။

ပြည်သူများက မီးဖြတ်ချိန်ပိုမိုများပြားလာသည့်အလျောက် မီးပေးသည့် အချိန်ကိုလည်း မှန်မှန်ပေးသင့်ကြောင်း တောင်းဆိုထားသည်။

လက်ရှိတွင် လေးနာရီခြားတစ်ကြိမ် မီးပေးသည်ဟုဆိုသော်လည်း အချို့မြို့နယ်များ၌တစ်ရက်လျှင် မီး‌လာချိန် နှစ်နာရီခန့်သာရှိသည်ဟု ဒေသခံများက ပြောထားသည်။

“မီးလာရမယ့်အချိန်ဆို နာရီဝက်လောက်ပေးတယ်။ ပြတ်ခါနီးရင်ခဏပြန်လာတယ်။ တကယ်တမ်းက တစ်ရက်ကို နှစ်နာရီလောက်ပဲရတယ်”ဟု တာမွေမြို့နယ်၌နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌သာမကပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးပေးသည့် အချိန်နည်းပါးနေခြင်းဖြစ်ပြီး အချို့မြို့များ၌ တစ်ရက်လျှင် နှစ်နာရီခန့်သာ မီးရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏မိသားစုဝင်များကို ဆိုလာလုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသောကြောင် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ပြည်သူအချို့က သုံးသပ်ထားသည်။

စစ်ကောင်စီသည် စက်တင်ဘာကစတင်၍ မီတာခကို ယခင်ထက် နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံလျက်ရှိသောကြောင့် လျှပ်စစ်မီးမလာ‌သော်လည်း မီတာခကို ယခင်ထက် နှစ်ဆမက ပေးဆောင်နေရသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုသည် နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။

ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်တော့သည်။

အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန်နဝါရီက မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။

သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။

နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။

ဇန်နဝါရီ ၅ရက်ကစတင်၍ ဓာတ်အားပေးအုပ်စု (၃)ခုဖြင့် ၄နာရီလာပြီး ၈နာရီ အလှည့်ကျဝန်အား‌လျော့မည်ဟု သိရပါသည်။

(ယနေ့ည မရမ်းကုန်းမြို့နယ် တနေရာတွင် လျှပ်စစ်မီးမလာ၍ မှောင်မဲနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – PS)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။