နေ့သစ်/People’s Spring
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ထွက်လာသော စစ်ဘေးရှောင်ပြည်သူ ၃၀၀ဦးခန့်လိုက်ပါလာသည့် MV ရွှေလမင်း -၅ သင်္ဘောသည် ရန်ကုန် မြစ်ဝတွင် ၂ ညထပ်မံစောင့်ဆိုင်းရပြီးနောက် ဇန်နဝါရီ ၉ ရက်တွင်မှကမ်းကပ်ခွင့်ရခဲ့သည်။
မာန်အောင်မြို့မှ ဒီဇင်ဘာလ ၂၇ရက်က ထွက်လာသော ခရီးသည် ၂၈၀ ကျော် ပါသည့် အဆိုပါ သင်္ဘောကို ဒီဇင်ဘာလ ၃၁ရက်တွင်ဧရာဝတီတိုင်း ဟိုင်းကြီး ကျွန်းအနီးပင်လယ်ပြင်တွင် စစ်ကောင်စီက တားမြစ်ထားပြီး ၇ ရက်ကြာသည့်တိုင် ကမ်းကပ်ခွင့်မပေးသလို ပြန်ထွက်ခွင့်လည်း မပေးခဲ့ပေ ။ထိုကြောင့် သင်္ဘောပေါ်တွင်က
လေးငယ်၊အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများလည်းပါဝင်သဖြင့် ရပ်ရှည်ပင်လယ်ပြင်၌ ရပ်နားထားရသဖြင့် သင်္ဘောပေါ်ရှိသူများ အခက်အခဲတွေ့ခဲ့ကြသည်။
အဆိုပါသတင်းကို People’s Spring က ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင်ဖော်ပြခဲ့သည်။
သတင်းဖော်ပြပြီးနောက် ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက သင်္ဘောကို ဟိုင်းကြီးကျွန်းမှ ရန်ကုန်သို့ထွက်ခွာခွင့်ပြုခဲ့သည်။
ထိုသင်္ဘောသည် ဇန်နဝါရီ ၇ ရက် ညတွင် ရန်ကုန်မြစ်ဝရောက်သော်လည်း စစ်ကောင်စီ၏ ရေကြောင်းရဲက ကမ်းကပ်ခွင့် မပေးသေးဘဲ ဇန်နဝါရီ ၇ ရက် နှင့် ၈ ရက် ၂ ညကို သီလဝါ ဆိပ်ကမ်းဘေးတွင် ကျောက်ချရပ်နားစေခဲ့သည်။ သင်္ဘောပေါ်ပါ စစ်ဘေးရှောင်များကို စစ်ကောင်စီက ထပ်မံစစ်ဆေးပြီး ၂ ညတိုင်ကမ်းကပ်ခွင့်မပေးသေး၍ စစ်ရှောင်ပြည်သူများ အစားအသောက်အခက်ကြုံခဲ့ကြကြောင်း ဖြစ်စဥ်ကိုသိသောသတင်းရင်းမြစ်အချို့က ပြောသည်။
ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီကျော်တွင်မှ ရန်ကုန်မြို့ ဘုရင်နောင်ဆိပ်ကမ်းကို ကပ်ခွင့်ပြုခဲ့ပြီး စစ်ရှောင် ခရီးသည်များအားလုံးမှာ ၁၄ ရက်တိုင် သင်္ဘောပေါ်၌ နေရပြီးနောက်ကမ်းပေါ်သို့ခြေချခွင့်ရကြောင်း အထက်ပါသတင်းရင်းမြစ်အချို့ကပြောသည်။
“သင်္ဘော ဆိုက်ပြီဗျ ။မနက် ၁၀ နာရီခွဲ ဆိုက်တာပါ”ဟု သတင်းရင်းမြစ်တဦးက ပြောသည်။
ထိုသင်္ဘောကို စစ်ကောင်စီတပ်က ဟိုင်ကြီးကျွန်းအနီး၌ ၇ ရက်ကြာတားဆီးခဲ့စဥ်က မာန်အောင်ဒေသခံများအပြင် AAထိန်းချုပ်ထားသည့် သံတွဲနှင့် တောင်ကုတ်မြို့မှ ဒေသခံများပါနေသည်ဟု
ဆိုကာအကြောင်းပြပြီး တားဆီးထားခြင်းဟု သိရသည်။ ထိုအပြင် ထိုသင်္ဘော သည် ခရီးသည် တင်ခွင့်မရှိဟု အကြောင်းပြကာအချိန် ဆွဲခဲ့ကြောင်းစုံစမ်းသိရသည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ငွေရလိုသဖြင့် အချိန် ဆွဲ ငွေတောင်းခြင်းသာဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
ထပ်မံရရှိသောသတင်းများအရ ထိုသင်္ဘောဖြင့် ခရီးသည်များ ၊စစ်ရှောင်များ တင်ဆောင်ပြေးဆွဲခြင်းကို ရခိုင်ပြည်နယ်တွင် ကုန်လမ်းကြောင်းများပိတ်မိသွားသည့်နောက်ပိုင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူအချို့က ရခိုင်ပြည်နယ်မှ ရန်ကုန်သွားလိုသူများကို ပို့ပေးပြီး ငွေရှာနေသော ဂွင်တစ်ခုသာဖြစ်ကြောင်း လူထုနွေဦး၏ သတင်းရင်းမြစ်အချို့ကပြောသည်။