Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွက် လေယာဉ်ဆီနှင့်ဆက်စပ်ပစ္စည်းပံ့ပိုးနေမှုများ ရပ်တန့်ပေးရန်သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တောင်းဆို

အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC)က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုသည်။

ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - AA

တေဇ/People’s Spring

အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC)က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုသည်။

မြန်မာ စစ်အုပ်စုကို လေယာဉ်ဆီ ပိတ်ဆို့မှုတွေ လုပ်ပါတယ်ဆိုတာ ပြည်တွင်းကုမ္ပဏီတွေကိုသာ ဖြစ်ပါတယ်။ လေယာဉ်ဆီက နိုင်ငံတကာ ကုမ္ပဏီတွေကနေ လာတာပါ။မူရင်း အဓိကကျတဲ့ နိုင်ငံတကာ လောင်စာကုမ္ပဏီတွေ၊ ရေကြောင်း အာမခံ ကုမ္ပဏီတွေကို ဘယ်နိုင်ငံကမှ အခုအချိန်ထိ အရေးမယူသေးပါဘူး။ နိုင်ငံတကာကနေ ပို့နေတဲ့ လေယာဉ်ဆီတွေကြောင့် မြန်မာပြည်က အရပ်သားပြည်သူတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ နေ့စဉ်သေကြေ ပျက်စီးနေရပါတယ်။ အရပ်သားတွေရဲ့ နေ့စဉ် လူမှုဘဝတွေ အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးနေရပါတယ်။” ဟု Blood Money Campaign (သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု)၏ ပြောရေးဆိုခွင့်ရှိသူ မူလန်က ပြောသည်။

ထို့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန် ထုတ်ပြန်ချက်များ ထုတ်နေခြင်းထက် ‌စစ်ကောင်စီကို လေယာဉ်ဆီ၊ လေယာဉ် ဆက်စပ်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချထောက်ပံ့ပေးနေမှုများကို ရပ်တန့်မှသာ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်မည်ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ခရီးသည်တင်လေကြောင်းလိုင်းများမှ လေယာဉ်ဆီများကိုလည်း အလွဲသုံးစားပြုလုပ်ကာ စစ်ရေးအတွက် အသုံးပြုမှူများရှိသည်ဟု သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“စစ်အုပ်စုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအခန်း ၂ နှင့် ၃ တွင် ဖော်ပြထားသည့် အရပ်ဘက် နှင့် စစ်ဘက်ဆိုင်ရာ မခွဲခြားဘဲ တိုက်ခိုက်မှုများကြောင့် စစ်ပွဲဆိုင်ရာ ဥပဒေများကို လုံးဝ လိုက်နာခြင်း မရှိသည့်အပြင် တဖက်မှာလည်း နိုင်ငံတကာ အစိုးရများ နှင့် ကုမ္ပဏီများသည် လေကြောင်း လောင်စာဆီ နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက်‌ရောင်းချ ထောက်ပံ့နေခြင်းဖြင့် ထိုချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်နေသည်။” ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် လေကြောင်းမှ တိုက်ခိုက်ရာတွင် ပြည်သူများစုဝေးနေသည့် ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်များ၊ ဆေးရုံဆေးခန်းများနှင့် ကျောင်းများ စသည့်နေရာများကိုတိုက်ခိုက်သည်ကိုတွေ့ရကြောင်း ယင်းအဖွဲ့ကဆိုသည်။

ထို့ကြောင့် နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်း ပေးနေသည့် တရုတ် အလံတင် သင်္ဘော HUITONG78၊ ဗီယက်နမ် ကုမ္ပဏီ Hai Linh ၊ တရုတ် နိုင်ငံပိုင် လုပ်ငန်း CNOOC ကော်ပိုရေးရှင်း (စင်ကာပူ)၊ စင်ကာပူ အခြေစိုက် Sahara Energy International ကုမ္ပဏီ၊ နိုင်ငံတကာ ကုမ္ပဏီများနှင့် လေယာဉ်ဆီ သယ်ယူနိုင်ရန် အာမခံ ဝန်ဆောင်မှု ပေးနေသော ယူကေ (UK) ရေကြောင်း အာမခံ ကုမ္ပဏီများကိုလည်း ချက်ချင်း ပိတ်ဆို့ အရေးယူရန် လိုအပ်သည်ဟု သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုက တောင်းဆိုသည်။

ထို့အပြင် ဥရောပ ကုမ္ပဏီ Airbus အနေဖြင့်လည်း တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့်အတူ စစ်ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေမှုများကို အမြန်ဆုံး အဆုံးသတ်၍ လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု ‌အကြံပြုထားသည်။

“မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှု ကွင်းဆက်တစ်ခုလုံးတွင်ပါဝင်သော နိုင်ငံတကာကုမ္ပဏီများ၊ အစိုးရများသည် တာဝန်ယူမှုရှိစွာဖြင့် ထိုလေယာဉ်ဆီများကို မည်သူများမှ မည်ကဲ့သို့ အသုံးပြုမည်ကို ထိရောက်သော စီစစ်မှုများ ပြုလုပ်ပြီးမှသာ တင်သွင်းရမည်ဖြစ်ပါသည် သို့မဟုတ် လေယာဉ်ဆီ တင်သွင်းမှုများအားလုံးကို ပိတ်ဆို့တားဆီးနိုင်ရန် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ တင်သွင်းမည့် လေယာဉ်ဆီများကို စောင့်ကြည့်နိုင်သည့် ယန္တရားတခု ထူထောင်၍ ထိရောက်သော စီစစ်မှုများပြုလုပ်ရန် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့မှ တောင်းဆိုလိုက်သည်။” ဟု ယင်းအဖွဲ့က ဖော်ပြထားသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၈ ရက်တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ၂၆ ဦးသေဆုံးခဲ့သည်။ မန္တလေးတိုင်း မိုးကုတ်မြို့တွင်လည်း ယင်းနေ့ နေ့လည်၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်များ နှင့် မော်တော်ယာဉ်များ ထိခိုက်မှုဖြစ်ခဲ့သည်။

ထို့အပြင် ဇန်နဝါရီ ၁၁ ရက်ကလည်း ကချင်ပြည်နယ် တနိုင်းမြို့ လပူခရွှေမှော်နှင့် စန်လွန်ရွှေမှော်ကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၅ဦးသေဆုံးခဲ့ပြီး (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

Short Story

ကုက္ကိုလ်ပင်ကြီးအောက်မှာ ကလေးတွေ ပျော်ရွှင်နေကြတယ်။ ကုက္ကိုလ်ပင်ကြီးက သက်တမ်းအားဖြင့် နှစ် ရာနဲ့ချီ ရှိလောက်ပါပြီ။ လက်ချင်းဆက်ပြီး အပင်ကြီးရဲ့လုံးပတ်ကို တိုင်းကြည့်ရင် လူကြီးအရွယ် ဆယ်ယောက်လောက် ဆက်ရမှာပါ။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။