Connect with us

Hi, what are you looking for?

သတင်း

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာရုံစိုက်ထားမယ်လို့ မလေးရှားပြော

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်အောင် ရေရှည် ဖြေရှင်းပေးနိုင်မယ့် အဖြေတစ်ခု ကူညီ ရှာဖွေပေးသွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်အောင် ရေရှည် ဖြေရှင်းပေးနိုင်မယ့် အဖြေတစ်ခု ကူညီ ရှာဖွေပေးသွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။

မလေးရှား အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒူတက်ခ်ဆာရီ မိုဟာမက်ဇင်း အမ်ရန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးကဏ္ဍ ဆွေးနွေး အဖြေရှာမှုကို ဦးစားပေးအဆင့် ထည့်သွင်းစဉ်းစားထားကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အာဆီယံရဲ့ အားထုတ်မှုတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်စေရေး အာရုံစိုက်ထားကြောင်း၊ မြန်မာ့နိုင်ငံရေး အရွေ့တွေဟာ မြန်မာ့ပြည်တွင်းရေး ဖြစ်စဉ်တွေ ဆိုတာကို နားလည် သဘောပေါက်ကြောင်း၊ ဒါပေမဲ့ မြန်မာဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်နေခြင်းကြောင့် ပြဿနာတွေ ပြေလည်အောင် ကူညီ ဖြေရှင်းပေးဖို့ အာဆီယံမှာလည်း လုံးလုံးလျားလျား တာဝန်ရှိလာကြောင်း အမ်ရန်က အခုသီတင်းပတ် သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက စစ်တပ်က အာဏာသိမ်းလိုက်ချိန် ကတည်းက နောက်ဆက်တွဲ နိုင်ငံရေး အရှုပ်အထွေးတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူသားရေးရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီနောက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံအသီးသီးက ပြဿနာတွေကို ကူညီဖြေရှင်းဖို့ အားထုတ်ခဲ့ကြပေမယ့် အာဏာသိမ်း မြန်မာစစ်တပ်က အာဆီယံရဲ့ မြန်မာ့အရေး ကူညီဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အရေးမလုပ်ခဲ့သလို အာဆီယံရဲ့ ကြားဝင်မှုတွေမှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှုမျိုး မမြင်ခဲ့ရပါဘူး။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ် ဒါတတက်ခ်ဆာရီ အန်ဝါ အီဘရာဟင် ဦးဆောင်တဲ့ မလေးရှား အစိုးရက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၅ ခုနှစ်မှာ တာဝန်ယူလာတဲ့ အချိန်မှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဘယ်လို မူဝါဒမျိုးတွေနဲ့ စီမံ ကိုင်တွယ်မလဲဆိုတာ အများစုရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။

အမ်ရန်က ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေး ကိစ္စတွေ တွန်းအားပေးဖို့က အာဆီယံအတွက် အမှန်တကယ် အရေးကြီးတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အချိန်အခါအလိုက် ဆန်းစစ် မှတ်တမ်းတင်ထားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မှုလို ကိစ္စတွေလည်း ဆက်လုပ်ရမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

မြန်မာ့အရေးမှာ အာဆီယံရဲ့ ပါဝင်အားထုတ်မှုကို လက်ခံကြိုဆို ထောက်ခံတဲ့ တခြား မိတ်ဖက် အင်အားစုတွေနဲ့လည်း အာဆီယံက လက်တွဲ အလုပ်လုပ်သွားမယ်လို့ အမ်ရန်က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ သူက အာဆီယံ ဥက္ကဋ္ဌ ရွေးချယ် ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို အခုသီတင်းပတ်ကုန်မှာ အတည်ပြု ရွေးချယ်နိုင်ဖွယ် ရှိတယ်လို့လည်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို အမြဲတမ်း ရာထူးနေရာ ထားရှိဖို့ အလားအလာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့အခါ အမ်ရန်က အဲဒီကိစ္စကို အာဆီယံ အစုအဖွဲ့အတွင်း အားလုံး စုပေါင်းဆွေးနွေးဖို့ လိုအပ်နေဆဲလို့ ဖြေကြားသွားပါတယ်။ လက်ရှိ လုပ်ထုံးလုပ်နည်းတွေ အရတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံကပဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို တာဝန်ယူ ခန့်အပ်နေတာ ဖြစ်ပါတယ်။

ကိုးကား-Malay Mail

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။