Connect with us

Hi, what are you looking for?

သတင်း

ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

စစ်ရှိန်မြှင့်ရန်ရှိ၍ ပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် MSRF ပြော

ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအားတိုက်ခိုက်ခဲ့သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ − MSRF)

ဟန်နွေ/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

ခေါဇာမြို့အခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်း(ခလရ – ၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRFက ထုတ်ပြန်သည်။

“ခလရ(၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းလို့ ခေါ်တယ်။ သူက လမ်းမကြီးပေါ်မှာ ရှိနေတာ။ ဒီစခန်းကို သွားရောက်တိုက်ခိုက်ဖို့ အသွားမှာ သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲက နာရီဝက်ကျော်ကျော် မိနစ် ၄၀လောက်ကြာတယ်။ အပြန်မှာ ခလရ(၃၁) ရှေ့ကင်းစခန်းကိုလည်း သွားရောက်ပစ်ခဲ့ပါတယ်။ ပထမဖြစ်စဉ် မှာ တပ်မှူးတွေရဲ့ ပြောကြားချက်အရ ရန်သူဘက်က နှစ်လောင်း သေတာမြင်ပြီးတော့ တစ်ယောက်ဒဏ်ရာရတယ်ဆိုပြီး ပထမ သတင်းထွက်ပါတယ်။ နောက်ပိုင်းကျတော့ ပြည်သူတွေရဲ့ သတင်းပေးချက်အရ မျက်မြင်သတင်းပေးချက်အရ ၇လောင်း တန်းစီးထားတာတွေ့ရတယ်။ ဒဏ်ရာရ ရဲဘော် ၃ယောက်ကို ကား ၂စီးနဲ့ ရေးမြို့ ပြည်သူ့ ဆေးရုံကြီးကို သယ်ဆောင်သွားတာတွေ့တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီထံမှ လက်နက် သိမ်းဆည်းရရှိမှုမရှိကြောင်း နိုင်နဂါးက ဆိုသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

တိုက်ပွဲအပြီးတွင် ခလရ(၃၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သကဲ့သို့ ပင်လယ်ပြင်၌ ရပ်ထားသည့် စစ်ကောင်စီသင်္ဘောမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ခေါဇာစစ်ကောင်စီတပ်ကို လွန်ခဲ့သည့် ၂နှစ်ခန့်က MSRFက သွားရောက်တိုက်ခိုက်ခဲ့ဖူးကြောင်းလည်း နိုင်နဂါးက ပြောပြသည်။ ခေါ်ဇာမြို့အတွင်း၌ပင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး ရန်သူ့ဘက်က တပ်ရေးဗိုလ်ကြီး အပါအဝင် ၇ဦးသေဆုံးခဲ့ပြီး MSRF ဘက်က ရဲဘော် ၂ဦး ကျဆုံးခဲ့ကာ အချို့ ဒဏ်ရာရခဲ့သည်။

MSRFသည် လွန်ခဲ့သည့် နှစ်များကတည်းက တိုက်ပွဲဝင်နိုင်သကဲ့သို့ လက်ရှိတွင် မွန်တော်လှန်ရေးတပ်များ အားလုံးပူးပေါင်းပြီး ရာမညစစ်ကြောင်း ဖွဲ့စည်းကာ စစ်ဆင်ရေးများ ဆောင်ရွက်မည်ဟု အသိပေးသည်။

“မွန်ပြည်နယ် မွန်လူမျိုးများရဲ့ အလံတော် တစ်ခုတည်းအောက်ကနေ တသွေးတမိန့် မဟာဗျူဟာမြောက် စစ်ရေးတွေ ဆင်နွှဲလာဖို့ရှိတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာကို တက်နိုင်သမျှ ရှောင်ရှားကြဖို့ အရေးတကြီး ကိစ္စကလွဲလို့ရှိရင် ခရီးမထွက်ကြဖို့ နဲ့ ပြည်သူတွေ ဘေးဆင်းရဲ ဒုက္ခက အမြန်ဆုံးလွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းဟာ ဒီစစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့ပဲရှိတဲ့ အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါ ကူညီပါ ပါဝင်ကြဖို့လို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

MSRF၊ NMSP/MNLA-AD ၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်(MLA) တို့ ပူးပေါင်းပြီး ယခု ဇန်နဝါရီ တတိယပတ်တွင် ရာမည ပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်အနှံ့ စစ်ရေးဖော်ဆောင်သွားမည်ဟု MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ပြောပြထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)၊ PDF စသည့် မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။