ကဖေး/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အရပ်သား ၉ဦးအပါအဝင် ၁၄ဦး သေဆုံးခဲ့သည်။
ယနေ့ (ဇန်နဝါရီ ၂၆ရက်) နံနက် ၇နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး MI-35မှ စက်သေနတ်များဖြင့်လည်းပစ်ခတ်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ကျေးရွာစာသင်ကျောင်းကို ပစ်တာဗျာ။ ကျောင်းမှာက ဆေးပေးခန်းဖွင့်ထားတာကို ပစ်တာ။ လက်ရှိအထိ သိရတာက ၁၄ဦး သေဆုံးတယ်။ ဒဏ်ရာရတာကို အရေအတွက် မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
သေဆုံးသူ ၁၄ဦးတွင် ဒေသကာကွယ်ရေးရဲဘော် ငါးဦး၊ အရပ်သား ကိုးဦးပါဝင်သည်။ သေဆုံးသူ အရပ်သားများတွင် အမျိုးသမီးအချို့လည်းပါဝင်သည်။
” တိုက်ပွဲမရှိဘဲ ပစ်တာ။ ဒေါ်စန္ဒာဆိုသူ အမျိုးသမီးသေဆုံးတဲ့အထဲပါတယ်။ အရပ်သားတွေ အများစုထိတာဗျ”ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ဆင်းဂွတ်ရွာအပြင် မြင်းခြံမြို့နယ်အတွင်း နောက်ထပ်တစ်နေရာကိုပါ လေကြောင်းမှတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောပြီး အသေးစိတ်မသိရသေးပေ။


















































