ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း ၊ မြင်းခြံမြို့ အရှေ့မြောက် ခြမ်းက ကျေးရွာမှာ မနေ့ မတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေကြား ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
နဘူးအိုင် – မြို့သာလမ်းပိုင်းက ကျေးရွာ တွေ အနီးမှာ ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ပြီး မတ်လ ၂ ရက်အထိ တိုက်ပွဲ ဖြစ်နေတာလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းရင်းမြစ်က အသိပေးပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် က လုံခြုံရေး ကင်းစောင့်နေတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦးစစ်ကောင်စီတပ်ကင်းပုန်းနဲ့ တိုးပြီး ဖမ်းဆီး သတ်ဖြတ် ခံရာကနေ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့သိရပါတယ်။

Public Service Announcement
တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်ဆုတ်ရာမှာ မြင်းခြံမြို့ပေါ် နဲ့ဆိုရင် ၇ မိုင်ခန့်သာဝေးတဲ့ ဓူဝံရွာကို ဖေဖော်ဝါရီ ၂၈ ရက်မှာ မီးရှို့သွားတယ်လို့ သိရပါတယ်။
ဒါအပြင် မတ် ၁ ရက်မှာ တူးရွင်းဘို့ရွာ ၊ မတ်လ ၂ ရက်မှာ ကျောက်ပြုတ်ရွာ တွေလည်းထပ်မံမီးရှို့ခံရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် သတင်းရင်းမြစ်က ပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကတော့ ဓူဝံရွာ ၊ တူရွင်းဘို့ရွာ ၊ ကျောက်ပြုတ်ရွာ ၊ သစ်ရုံရွာ ၊ ကျောက်ကန်ကျေးရွာ တဝိုက်မှာ ဖြစ်ပွား တာဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် တွေ ပါ သုံးပြီး လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” လေကြောင်းကနေ ညပိုင်းထိ တရစပ်ပစ်တာ”လို့ မြင်းခြံမြို့နယ်အတွင်း တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။
လေကြောင်းရန်ကြောင့် မြင်းခြံနယ်က ကျောက်ပြုတ်၊ တူရွင်းဘို့၊ သစ်ရုံ၊ ဓူဝံ၊ကျောက်ဖြူကန်၊ ကျီးပုဂံ၊ဆိတ်ကုန်း၊ ကုက္ကဲ စတဲ့ ကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်နေကြပါတယ်။
မြေပြင်မှာလည်း စစ်ကောင်စီတပ်က တပ်မ (၉၉) အခြေစိုက်ရာ မိတ္ထီလာဘက်ကနေ မြင်းခြံမြို့ ဆီ စစ်အင်အား ဖြည့်တင်းနေတယ်လို့သိရပါတယ်။
