ဧပြီ−၄၊၂၀၂၆၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။
ဧပြီ၂ရက်မနက် ၇နာရီမှာ နဘူးအိုင်ကျေးရွာကို မီးရှို့ နေတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဖက်ပင်အိုင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပစ်သတ်ခဲ့တယ်လို့ မြို့နယ်ပကဖ သတင်း ထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဝင်လာချိန် ထွက်ပြေးတဲ့ အသက်(၆၀)အရွယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး ဒရုန်းနဲ့ပါ ဗုံးတွေချခဲ့တာမို့ (၇၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ (၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊(၆၃)နှစ်အရွယ်ဗုံးထိတဲ့မိခင်ကို သွားသယ်စဉ် ဒရုန်းနဲ့ချခံရတဲ့ (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦး ၊ (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၄ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ကျေးရွာအတွင်း ပြည်သူတွေပိတ်မိနေပြီး ဗုံးထိထားတဲ့ ဒဏ်ရာရပြည်သူတွေ ဆေးကုသခွင့်မရတာကြောင့် မနက်၁၁နာရီ လောက်မှာ မြင်းခြံခရိုင်တပ်ရင်းတွေအပါအဝင်နယ်မြေခံ တော်လှန်ရေးတပ်တွေက ပြည်သူတွေကို ကယ်ထုတ်ဖို့ ဝင်ရောက်ချိန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ နေပူချိန်ကြီး လောက်မှာ တချို့ပစ်ဝင်တဲ့ရဲဘော်တွေက ပစ်ဝင်၊ကယ်ထုတ်တဲ့ရဲဘော်တွေက ကယ်ထုတ် ပေါ့။တိုက်ပွဲဖြစ်တယ်။ဒဏ်ရာရပြည်သူ တွေကို ရော ကသလောက် ကယ်ထုတ်ပြီးတဲ့အချိန် နောက်ပြန်ဆုတ်တဲ့အချိန်မှာ စကစက ဒရုန်းနဲ့ ဗုံးလိုက်ချတာ” လို့ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးချခံရမှုမှာ ရဲဘော် ၃ဦး ထိမှန်ပြီး ၂ဦးကျဆုံးကာ တစ်ဦးကို ဆေးကုသနေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီကနေ့ ဧပြီ ၄ရက် မနက်မှာ ဆုံရွာပျူစောထီးရွာကို ဝင်ပြီး နဘူးအိုင်ကျေးရွာဘက်ကို ပြန်သွားနေတယ်လို့ သိရပါတယ်။
“ အခုက စစ်ကြောင်းလာပြီး ပြန်ထွက်ရင် ရွာ တွေမှာ နောက်ချန်အင်အားထားခဲ့တက်တယ်။ဖက်ပင်အိုင်မှာလည်း ရှိ နေနိူင်သေးတယ်။ဒါပေမယ့် စစ်ကြောင်းက တော့နဘူးအိုင်ဘက်ကိုပြန်သွားနေပြီ” လို့ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဖက်ပင်အိုင်ကျေးရွာမှာ ရွာထဲကျန်ခဲ့တဲ့ပြည်သူ တချို့လည်းရှိသေးတယ်လို့ သိရပါတယ်။ကျေးရွာက နေအိမ် ၃၀၀ကျော်လည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
စစ်တပ်က မြင်းခြံ- မြို့သာလမ်းပိုင်းက နဘူအိုင်ကျေးရွာကို ဖေဖော်ဝါရီ၂၂ရက်ကထိန်းချုပ်ပြီးတဲ့ နောက် စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကျေးရွာတွေက နေအိမ်တွေက ပစ္စည်းတွေသယ်ပြီး နေအိမ်တွေကို မီးရှို့နေတာလို့ သိရပါတယ်။
တစ်လကျော်အတွင်း မြင်းခြံမြို့နယ်မှာ ကျေးရွာ၁၀ရွာထပ်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။





















































