တိုက်ပွဲများပြင်းထန်၍ ကရင်နီပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod Englishက ယနေ့(မတ်လ ၁၁ရက်) ဖော်ပြသည်။
မြန်မာဘက်ခြမ်း၌ တိုက်ပွဲများပြင်းထန်နေသည်ကို မယ်ဟောင်ဆောင်ခရိုင် ဘန်ဟွေ့မခန်ဆွမ်နှင့် ဘန်နာပါပေ့ ကျေးရွာများက ကြားနေရသည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် မြန်မာစစ်တပ်သည် ၎င်းတို့ဆုံးရှုံးခဲ့ရသည့် နယ်စပ်ခြေကုပ်စခန်းများ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေသည်ဟု ထိုင်းတာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား အသိပေးထားသည်။

Public Service Announcement
ကရင်နီပြည်နှင့် ထိုင်းနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်းလည်း ကရင်နီပြည်တပ်မတော် တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။
“မပြီးသေးဘူး။နောက်မှ အသိပေးမယ်”ဟု ၎င်းက စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ဖြစ်ပွားနေမှုကို ရှင်းပြသည်။
စစ်ကောင်စီတပ်အသုံးပြုမှုများသည့် ၁၂၀ မမ ကျည်သည် မယ်ဟောင်ဆောင်ခရိုင် ၊ ဘန်နာပါပေ့ ကျေးရွာရှိ စိုက်ခင်းတစ်ခုတွင် ကျရောက်ခဲ့ခြင်းဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
လက်ရှိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်အတွင်း ဒေသခံများ သတိထားရန်နှင့် နယ်စပ်ဒေသနေရာများရှောင်ရှားရန် မယ်ဟောင်ဆောင်ခရိုင်မှူးက သတိပေးကြောင်းလည်း Khaosod English က ရေသားထားသည်။
“စကစ အနေနဲ့က ရှမ်းဘက်ကနေပဲ စစ်တိုးလို့ရမှာပေါ့။ရှင်းနေတာပဲလေ။ အခုတိုက်ပွဲက သူတို့ ဆုံးရှုံးထားနဲ့ နယ်စပ်စခန်းတွေကို ပြန်ယူလို့ရမလားဆိုတဲ့ ပုံစံပဲ”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ကရင်နီနှင့် ထိုင်းနိုင်ငံ နယ်ခြားရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်ဖြစ်သော တောင်ကတုံး ခြေကုပ်စခန်းအား ကရင်နီတပ်မတော်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က သိမ်းပိုက်ခဲ့သည်။
ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကရင်နီပြည်နယ်နယ်စပ်တွင် အမှတ်စဥ် BP 9 မှ16 အထိရှိကာ စစ်ကောင်စီ၏ မဆုတ်တမ်းနှင့် ခြေကုပ်စခန်း ပေါင်း ၃၀ကျော်ကို ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းထားသည်။
